မိုင်းလားဘက်ကို ဆန်နဲ့ စက်သုံးဆီမရောက်ဖို့ စစ်ကောင်စီတင်းကြပ်၊ ပမာဏများရင်သယ်ဆောင်ခွင့်ရရှိ
မဲခေါင်၊ နိုဝင်ဘာ ၂၅
ရှမ်းအရှေ့ ကျိုင်းတုံကနေ မိုင်းလားဘက်ကို ဆန်နဲ့ စက်သုံးဆီ မရောက်ဖို့စစ်ကောင်စီက ဝမ်တာပင်းဂိတ်ကနေ တင်းတင်းကြပ်ကြပ် စစ်ဆေးနေပေမယ့် ပမာဏများရင် သယ်ဆောင်ခွင့် ရရှိနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ NDAA မိုင်းလားဘက်ကိုသွားတဲ့ ခရီးသည်ကားတွေပေါ်မှာ ဆန်နဲ့ စက်သုံးဆီ တင်ဆောင်ခွင့်မပြုတော့သလို ရှမ်းမြောက်ကိုတက်တဲ့ လမ်းမှန်သမျှ ဆန်နဲ့ စက်သုံးဆီသယ်ဆောင်ခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။
“ဆန်က အိတ်အသေးတစ်အိတ်လောက်ဆိုအဆင်ပြေအောင် ပြောနိုင်ရင် ရပေမယ့် စက်သုံးဆီ ကတော့ လုံးဝမရဘူး၊ ကားထဲအပြည့်ထည့်သယ်မှရတယ်”လို့ ယာဉ်မောင်းတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
တရုတ်နယ်စပ်ဂိတ်တွေကို ပိတ်တဲ့အထဲမှာ မိုင်းလား-တာလော့ဂိတ် ပါဝင်ပြီး တရုတ်ဘက်က ကုန်သယ်ခွင့်မရပဲ မြန်မာဘက်ကသစ်သီးဝလံတွေ အနည်းငယ် တင်ပို့လို့ရတယ်လို့ မိုင်းလား ဝမ်တုံရပ်နေသူတစ်ဦးက ပြောပါတယ်။
‘စက်သုံးဆီ မြန်မာဘက်က ပိတ်တယ်ဆိုပေမယ့် ဒီမှာ ဆီတစ်လီတာ ခြောက်ထောင်ဆိုတော့စျေးမတက်တဲ့သဘောပဲ၊ နည်းနည်းသာ မရတာ ကားအစီးလိုက်ဆို ရနေတဲ့သဘောပေါ့’လို့ပြောပါတယ်။
မိုင်းလားမှာ ပေါ်ဆန်းဆန် လေးပြည်ပါ တစ်အိတ်ကို တရုတ်ငွေယွမ်၁၁၀ ရှိနေပြီး ကျိုင်းတုံပေါက်စျေးအရ ဆန်တစ်အိတ်ကို ကျပ် ခြောက်သောင်းခန့်ကွာဟပေမယ့် ဆန်စျေးအတက်အကျမရှိ တည်ငြိမ်နေတယ်လို့ ဆိုပါတယ်။
တရုတ်ဘက်က ပိတ်ပေမယ့်ကုန်ပစ္စည်းတွေ ကျိုင်းတုံကပြန်ဝင်နေတာရှိနေတယ်လို့လည်း ပြောပါတယ်။
‘အရင်က ဝမ်တာပင်းဂိတ် ပိတ်လည်း ကုန်သည်တွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားနေကြတာပါ၊ တရုတ်ဘက် တကယ်ပိတ်ရင်သာ မလွယ်တာ’လို့ကျိုင်းတုံကုန်သည်တစ်ဦးက ပြောပါတယ်။
ကျိုင်းတုံကနေ ၂၄မိုင်ဝေးတဲ့ ဝမ်တာပင်း စစ်ဆေးရေးဂိတ်ဟာ အထူးဒေသ (၄) မိုင်းလား ထိန်းချုပ်နယ်မြေနဲ့ စစ်ကောင်စီတို့ထိန်းချုပ်ထားတဲ့ နယ်မြေ အစပ် အဝင်အထွက်ဂိတ်ဖြစ်ပြီး အဲ့ဒီဂိတ်ကနေ မိုင်းမကို ၂၃မိုင်၊ မိုင်းလားကို ၉မိုင် ဝေးပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က တရုတ်ပြည်ခရီးစဉ်အတွင်း နယ်စပ်ဂိတ်တွေ ပိတ်ထားဖို့ ပြောထားပေမယ့် တရုတ်အစိုးရကတော့ MNDAA ထိန်းချုပ်ထားတဲ့ မူဆယ်၁၀၅မိုင်က ကျင်စန်းကျော့ ဂိတ်ကို နိုဝင်ဘာ၂၂ ရက်က ပြောင်းနဲ့ကြံ သယ်ယူဝင်ခွင့် ဖွင့်ပေးခဲ့ပါတယ်။
အလားတူ မန်ဝိန်းဂိတ်ကို ဖွင့်ပေးထားပေမယ့် တရုတ်ဖက်က ကုန်တွေသယ်ခွင့်မရသလို စစ်ကောင်စီကလည်း ပိတ်ထားလို့ မြန်မာဘက်က ကုန်တွေ ပို့ခွင့်မရဘူးလို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလ က UWSA”ဝ ‘တပ်ဖွဲ့ က စစ်အင်အား အပြည့်နဲ့ မိုင်းလား – ကျိုင်းတုံ နယ်စပ်ဖက်ကို လုံခြုံရေးအကြောင်းပြတပ်စခန်းတွေ ချခဲ့ပြီးတဲ့နောက် အောက်တိုဘာ ၂၃ရက်မှာ စစ်ကောင်စီဘက်က ဝမ်တာပင်း စစ်ဆေးရေးဂိတ်ကို ပိတ်ထားခဲ့တာရှိခဲ့ပြီး ပြီးခဲ့တဲ့၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီ ၁၀ရက်က နှစ်ဘက်ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ကာ ယခုအခါမှာ စစ်ကောင်စီဘက်က ဆန်နဲ့ စက်သုံးဆီ ကို ကန့်သတ်တင်းကြပ်လာတာ ဖြစ်ပါတယ်။
MK – 012
#MeKongNews








