ဘာသာပြန်ဆောင်းပါး
ဇွန် ၂၆ ရက်နေ့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ရာပြည့်ရဲ့ ထုတ်ပြန်ချက်ကို မြန်မာ့အလင်း သတင်း စာကနေ ထုတ်ပြန်သွားတယ်။ ဒီထုတ်ပြန်ချက်မှာ ဘိန်းထုတ်လုပ်မှုနဲ့ ဓာတုမူးယစ်ဆေးဝါးထုတ်လုပ်မှု နှစ်မျိုးကို တိုက်ဖျက်နိုင်ဖို့ စိန်ခေါ်မှုတွေ ရှိနေတဲ့အကြောင်း၊ ဒါပေမဲ့ ဒီမူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖြန့်ဖြူးမှုတွေ ကို ဘယ်လိုတိုက်ဖျက်ဖို့လုပ်ဆောင်နေကြောင်း၊ နည်းလမ်းအမျိုးမျိုးနဲ့တိုက်ဖျက်နေကြောင်း အသေးစိတ်ကိုပါ သတင်းစာမှာ ဖော်ပြသွားခဲ့တယ်။
ကုလသမဂ္ဂထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှုနဲ့ ဓာတုမူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ ကမ္ဘာ့ နံပါတ် (၁) နိုင်ငံဖြစ်လာကြောင်းဖော်ပြမှုကို ဒီတစ်ပတ်ထဲမှာပဲ စစ်ကောင်စီရဲ့ စီနီယာဗိုလ်ချုပ်တစ်ယောက်က လက်ခံပြီး စိန်ခေါ်မှုများစွာနဲ့ ကြုံနေရကြောင်း ဝန်ခံပြောဆိုသွားတယ်။
ရာပြည့်ကိုယ်တိုင်ကလည်း ၂၀၂၃ ခုနှစ်က မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုတော်တော်ကြီး တိုးတက်လာတာ၊ ထုတ်လုပ်ရာ ဓာတ်ခွဲခန်းတွေ မှိုလိုပေါက် လာတာ၊ မှောင်ခိုလမ်းကြောင်းကနေ သယ်ယူပို့ဆောင်မှုတွေ အလွန်များပြားလာတာ သိရှိထားတယ်လို့ ထုတ်ပြန် ချက်မှာ ထည့်သွင်းဖော်ပြထားတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်အတွင်း ဘိန်းစိမ်း ၁၀၈၀ မက်ထရစ်တန် ထုတ်လုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက် ၇၉၀ မက်ထရစ်တန် ပိုမိုထုတ်လုပ်ခဲ့တယ်လို့ ဖော်ပြခဲ့တယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ ပြန်လည်အုပ်စိုးသွားနိုင်တဲ့ တာလီဘန်အစိုးရက သူတို့နိုင်ငံရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို အတင်းကျပ်ဆုံး တားမြစ်ပြီး ဖြိုခွင်းနေခဲ့တာ ကြောင့် မြန်မာဟာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ အာဖဂန်ကိုကျော်တက်ပြီး ကမ္ဘာ့ ဘိန်းထုတ်လုပ်မှုအများဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။
မေလက UNODC ထပ်ပြီးထုတ်ပြန်မှုမှာ ဓာတုမူးယစ်ဆေးဝါးစျေးကွက်ဟာလည်း အရှေ့အာရှနဲ့ အရှေ့တောင် အာရှဒေသတွေမှာ အင်မတန်စိုးရိမ်စရာအခြေအနေရောက်တဲ့အထိ မြင့်တက်လာနေကြောင်း၊ ဒီဒေသတွင်း စိတ်ကြွရူးသွပ်ဆေးဝါး (Methamphetamines) ဖမ်းဆီးရမိမှုတင် သမိုင်းမှာ အများဆုံးအဖြစ် တစ်နှစ် အတွင်း တန် ၁၉၀ အထိ ရှိခဲ့တယ်။ အများစုကို ထုတ်လုပ်နေတာက မြန်မာနိုင်ငံရဲ့ ရှမ်းပြည်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အရှိန်အဟုန် မြင့်မားလာခြင်ဟာ နိုင်ငံတော်ရဲ့ရောထွေးနေတဲ့လူမျိုးရေး ပဋိပက္ခများရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပြီး ဒီပြဿနာတွေကြောင့် ဘိန်းနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှုကို ရေရှည်တည်တံ့စွာ အဆုံးသတ်ဖို့ကလည်း ကြီးမားတဲ့အတားအဆီးတစ်ခုဖြစ်စေတာပါ။
စကစ ပြည်ထဲရေးဝန်ကြီးရာပြည့်ရဲ့ ထုတ်ပြန်ချက်ကိုကြည့်ရင် နိုင်ငံရဲ့ မူးယစ်ဆေးဝါးပြဿနာကို တာဝန်ခံမှု ပျက်ကွက်နေပြီး ကိုယ်တိုင်အကျိုးစီးပွားအတွက် စားသုံးနေတဲ့သဘောတရားကို မြင်တွေ့ရပါတယ်။ ရာပြည့်က ဒီလို ဘိန်းနဲ့မူးယစ်ဆေးဝါးပြဿနာဟာ တချို့သော တိုင်းရင်းသားလက်နက်ကိုင်တွေကြောင့်လို့ စွပ်စွဲတယ်။ တရားမဝင် မူးယစ်ဆေးချက် ဓာတုပစ္စည်းတွေကို နယ်စပ်တွေကနေတစ်ဆင့်သူတို့ ထိန်းချုပ်နယ်မြေတွေထဲကို သွင်းယူပြီး နိုင်ငံခြားသား ဓာတုဗေဒပညာရှင်တွေခေါ်၊ ဓာတ်ခွဲခန်းတွေထူထောင်ပြီး အလုံးအရင်း ထုတ်လုပ်နေ ကြတာလို့ အပြစ်ဖို့သွားတယ်။
ဒီစွပ်စွဲချက်က မှားတယ်လို့ မဆိုသာပါဘူး။ အများဆုံးထုတ်လုပ်နေတဲ့ပြည်နယ်တွေ၊ နယ်မြေဒေသတွေကိုကြည့် ရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ အထူးဒေသတွေကနေ အများဆုံး ထုတ်လုပ်နေတာပါ။ စစ်ကောင်စီနဲ့ အပစ် အခတ်ရပ်စဲရေးသဘောတူထားတဲ့ လက်နက်ကိုင်တပ်တွေဟာ အုပ်ချုပ်ခွင့်ရထားတဲ့နယ်မြေမှာပဲ ကျေနပ်စွာနဲ့ မူးယစ်ဆေးဝါးတွေကို အလုံးအရင်း ထုတ်လုပ်ကုန်သွယ်ကြတယ်။ သူတို့ပြည်နယ် အစိုးရအဆောက်အအုံတွေ၊ ဘဏ္ဍာရေးလည်ပတ်မှုတွေ၊ ကျည်ဆံကနေ ဆေးဝါးတွေ ဖြန့်ဖြူးပေးမှုအားလုံးကို ဒီဘိန်းနဲ့ မူးယစ်ဆေးဝါးထုတ် လုပ်မှုကရတဲ့ ငွေနဲ့ပဲ လည်ပတ်ရတာဖြစ်လို့ပါ။
ဒါပေမဲ့ ရာပြည့်ရဲ့စွပ်စွဲချက်မှာ မသိကျိုးကျွံကျော်ပြီးကြည့်သွားခဲ့တဲ့ အဓိကအကြောင်းတရားကြီးက ထင်ထင်ရှား ရှားကို တည်ရှိနေပါတယ်။ ဒီမူးယစ်ဆေးဝါးထုတ်လုပ်မှုတွေကို စကစ လက်ကိုင်တုတ် ပြည်သူ့စစ်တွေကလည်း ထဲထဲဝင်ဝင်ပါဝင်ထုတ်လုပ်နေကြတယ်။ စကစနဲ့မဟာမိတ်ဖွဲ့ထားတဲ့ တခြားသော အရန်တပ်တွေဟာလည်း မူးယစ်ဆေးဝါးထုတ်လုပ်ကုန်သွယ်ခြင်းနဲ့ ဝင်ငွေရှာကြတယ်။ ဒီတရားဝင်လက်နက်ကိုင် အဖွဲ့တွေကသာ သူတို့ ကိုယ်တိုင်ပါဝင်ပြီး မူးယစ်ဆေးဝါးထုတ်ကုန်တွေကို ထုတ်လုပ်၊ ဖြန့်ဖြူး၊ ကုန်သွယ်မှုမှာ ပါဝင်လုပ်ဆောင်နေတာ တွေကိုတော့ ရာပြည့်က ထည့်မပြောသွားခဲ့ပါဘူး။ ဒါဟာ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး ထွန်းကားမှုရဲ့ ကျယ်ပြန့် တဲ့ အခြေအနေတွေကို လျစ်လျူရှုလိုက်တာလို့ အတိုင်းသားမြင်ရတယ်။
အဓိကကတော့ ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းလိုက်ခြင်းကနေ စတင်အကျိုးသက်ရောက်လာတာပါ။ အရင် NLD အစိုးရလက်ထက် စီးပွားရေးလမ်းဖွင့်ပေးမှု၊ နိုင်ငံရေးသိက္ခာနဲ့အညီ မူးယစ်ဆေးဝါးထုတ်လုပ်မှု လျော့ချရေး သဘောတူညီချက်တွေအားလုံးဟာ အာဏာသိမ်းလိုက်မှုမှာ ပျက်သုဉ်းသွားတယ်။
နိုင်ငံတွင်း ပဋိပက္ခ မီးဟုန်းဟုန်းတောက်လာခြင်းနဲ့အတူ လုံခြုံရေးပိုင်းကလည်း အဆိုးရွားဆုံးအခြေအနေရောက်သွားတယ်။ တရား ဝင်စီးပွားရေးရဲ့ ကြီးမားတဲ့ ကဏ္ဍတွေ ပြိုပျက်သွားတယ်။ ခန့်မှန်းလို့ရတဲ့ မလုံခြုံမှုအခြေအနေတွေကို ပြန်လည် ဖြန့်ကျက်ကျရောက်သွားတော့ မူးယစ်မှောင်ခိုသမားတွေနဲ့ သူတို့ကို အကာအကွယ်ပေးပြီး အကျိုးစီးပွား ရယူသူ တွေအတွက်လည်း ဒီအခြေအနေဟာ အကောင်းဆုံးအခွင့်အလမ်းတွေကို ပြန်ဖွင့်ပေးလိုက်သလိုဖြစ်သွားတယ်။ ဒါကြောင့်ပဲ အာဏာသိမ်းပြီး ၃ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှုက တစ်ဟုန်ထိုးပြန်လည် မြင့်တက်သွားပြီး လက်ရှိအထိလည်း လျော့ကျသွားဖို့ လက္ခဏာ လုံး၀မတွေ့ရသေးပါဘူး။
ဒီဖြစ်စဉ်တွေကိုကြည့်ရင် မြန်မာစစ်ကောင်စီရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် တတ်စွမ်းနိုင်မှုက သူတို့ ကိုယ်တိုင်ပါ မြိန်ရေရှက်ရေ အကျိုးရှာစားသုံးနေတာဖြစ်လို့ ရာပြည့်စကားလုံးတွေဟာ ဘာနဲ့အလားသဏ္ဍန်တူ နေသလဲဆိုတော့ တောမီးကို ပန်းပင်ရေလောင်းတဲ့ ပိုက်ငယ်လေးနဲ့ ငြိမ်းသတ်ပြနေသလို၊ ဆင်သေကို ဆိတ်သားရေနဲ့ဖုံးသလို သာဖြစ်နေပါကြောင်း။
(The Diplomat မှာ ဆောင်းပါးရှင် Sebastian Strangio ရေးသားပြီး ဇွန် ၂၈ ရက်နေ့က ဖော်ပြထားတဲ့ Myanmar Junta Admits ‘Challenges’ in Fighting Opium Cultivation, Meth Production ကို ဆီလျော်အောင် ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်)
MKF – 001