မဲခေါင် ဇူလိုင် ၂၀
ဇူလိုင် ၂၀ ရက်နေ့ ထိုင်းစံတော်ချိန် မနက် ၉ နာရီ ၁၅ မိနစ်မှာ နိုင်ငံရေးလောကက အနားယူပြီလို့ ကြေညာခဲ့တာ မကြာသေးတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းနဲ့ ထိုင်းကာကွယ်ရေးဝန်ကြီး ပရာယွတ် ပြန်လည် ရောက်ရှိလာပြီး အရင်လို တာဝန်တွေ ပြန်ထမ်းဆောင်နေကြောင်း ထိုင်းမီဒီယာ The Reporter က ရေးသားဖော်ပြ ခဲ့ပါတယ်။
မေလ ရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရခဲ့တဲ့ MFP ပါတီခေါင်းဆောင် ဖိထာရဲ့ ဝန်ကြီးချုပ်ရာထူး ရွေးကောက် ခံမှုမှာ ပထမတစ်ကြိမ် စစ်တပ်ခန့်အထက်လွှတ်တော်အမတ် ၂၅၀ ထဲက ၁၃ ယောက်သာ ထောက်ခံမဲပေးလို့ မဲအနိုင်ရခြင်း မရှိခဲ့သလို ဇူလိုင် ၁၉ ရက် ဒုတိယအကြိမ် ထပ်အရွေးခံမှုမှာလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ခုံရုံးက ဖိထာဟာ မီဒီယာရှယ်ယာတွေ ပိုင်ဆိုင်ခဲ့လို့ လွှတ်တော်အမတ် လုပ်ငန်းတာဝန်များမှ ရပ်စဲတယ်ဆိုပြီး ဒုတိယအကြိမ် ဝန်ကြီးချုပ်ရွေးခံခွင့်ပါမပြုသလို လွှတ်တော်ထဲကပါ ထွက်ပေးခဲ့ရ ပြန်ပါတယ်။
ဝန်ကြီးချုပ် ရွေးချယ်ပွဲကို နောက်တစ်ပတ် ရွှေ့ဆိုင်းကြောင်း ဇူလိုင် ၁၉ ရက်နေ့က ကြေညာပြီးနောက် ဇူလိုင် ၂၀ ရက် မနက်မှာ ပရာယွတ်ဟာ အရင်ဝန်ကြီးချုပ်အဖြစ် သူရုံးထိုင်ခဲ့တဲ့ ခုဖာ အဆောက်အအုံ (Thai Khu Fah Building) တစ်နည်းအားဖြင့် အစိုးရအဖွဲ့အိမ်တော်ကို ပြန်လည်လာရောက်ပြီး ဆော်ဒီအတိုင်ပင်ခံကောင်စီ ဥက္ကဌ ဒေါက်တာအဘဒူလာမိုဟာမက်အီဗရာဟမ် အယ်လ်ရှိတ်ခ် လာရောက်လည်ပတ်မှုကို လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
Ref:The Reporter
MKF-001
#MekongNews
#ဝန်ကြီးချုပ်
#ဆော်ဒီအတိုင်ပင်ခံကောင်စီ
#ဖိထာ








