မဲခေါင် ဇူလိုင် ၁၉
ထိုင်းလွှတ်တော်ထဲမှာ ဖိထာ ကို ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် မဲပေးရွေးချယ်မှု လုပ်သင့်မလုပ်သင့် မဆုံး ဖြတ်မီမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေခုံရုံးက လွှတ်တော်ဥက္ကဌဆီ ဖိထာကို လွှတ်တော်အမတ် တာဝန်က ရပ်စဲကြောင်း စာပို့လာတဲ့ အတွက် ဖိထာဟာ အစည်းအဝေးခန်းထဲကနေ ထွက်ခွာသွားရပြီ ဖြစ်ပါတယ်။
လွှတ်တော်ထဲက မထွက်မီ ဖိထာက အင်တာဗျူ အစီအစဉ်လုပ်ခဲ့ရာမှာ “ကိုယ်စားလှယ်တော်ကြီးတွေရေ။ နောက်တစ်ကြိမ် ကျွန်တော်တို့ ပြန်မဆုံခင်အထိ ပြည်သူတွေကို ဂရုစိုက်ပေးကြပါ။ လက်ရှိမှာတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးက ကျွန်တော့်ကို လွှတ်တော်အမတ် တာဝန်က ရပ်စဲတဲ့ အမိန့်စာ ပို့လာပါပြီ။ ဒါကြောင့် လွှတ်တော် ဥက္ကဌကို သိစေအပ်တာက ကျွန်တော်ဟာ နောက်ထပ် ဆုံးဖြတ်ချက်အတည် မချခင်အထိ ဒီအမိန့်ကို ကျွန်တော်နာခံတယ်ဆိုတဲ့အကြောင်းပါ။ နောက်တစ်ကြိမ် ထပ်မတွေ့ကြမီ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ဟာ ပြည်သူတွေကို ညီအစ်ကို မောင်နှမအရင်းတွေလို့ သဘောထား စောင့်ရှောက်နိုင်ကြပေါစေလို့ တောင်းဆို ပါတယ်။ ထိုင်းနိုင်ငံဟာ မေလ ၁၄ ရက် ရွေးကောက်ပွဲနေ့ကတည်းက ပြောင်းလဲသွားခဲ့ပါပြီ။ ပြည်သူတွေက လမ်းခရီး တစ်ဝက်ကို သွားခဲ့ပြီးပါပြီ။ လမ်းတစ်ဝက်ကတော့ ကျန်နေပါသေးတယ်။ ပြည်သူတွေကို ဂရုစိုက်ပေးကြပါ ကိုယ်စားလှယ်ကြီးများခင်ဗျာ။ ကျေးဇူးတင်ပါတယ်” လို့ ပြောရင်း လက်ပြနှုတ်ဆက် ထွက်ခွာသွားတာပဲ ဖြစ်ပါတယ်။
ဒီအခြေအနေအရ ဖိထာကို ဒီကနေ့ ဒုတိယအကြိမ် ဝန်ကြီးချုပ် အဖြစ် မဲပေးရွေးချယ်မှုကို လွှတ်တော်က အတည် မပြုသေးဘဲ ရွှေ့ဆိုင်းလိုက်ဖွယ် ရှိပါတယ်။
ထိုင်းဥပဒေအရ လွှတ်တော်အမတ်မဟုတ်လဲ ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းနိုင်ကြောင်း ပါရှိတဲ့အတွက် ဖိထာကို မဟာမိတ်ပါတီတွေက ဒုတိယအကြိမ် ရွေးချယ်ခံဖို့ အဆိုပြုကြပြီး စစ်တပ်ခန့် အထက်လွှတ်တော် အမတ် ၂၅၀ ထဲက အများစုက ထပ်တလဲလဲ ကျရှုံး အဆိုကို ထပ်မတင်သွင်းရဆိုတဲ့ ဥပဒေစည်းမျဉ်းနဲ့ ကန့်ကွက်နေကြပါတယ်။
MKF-001
#MekongNews
#ဖိထာ
#လွှတ်တော်
#ဝန်ကြီးချုပ်








