ဘတ် ၂၀၀ ဘီလီယံတန် စီမံကိန်းကြီး ၂ ခု သက်ဆင်နှင့် မဟာမိတ်များ ကိုယ်ကျိုးစီးပွားရှာခဲ့ကြောင်း ပြည်သူ့ပါတီအမတ် ဖွင့်ချ
မဲခေါင်၊ မတ် ၂၆
ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ်အယုံအကြည်မရှိအဆိုအတွက် Debate လုပ်နေသည့် ဒုတိယနေ၌ အတိုက်အခံ ပြည်သူ့ပါတီ အမတ် Surachet Pravinvongvuth က လက်ရှိ ဝန်ကြီးချုပ်၏ ဖခင် သက်ဆင်နှင့် စီးပွားရေးမဟာမိတ်များသည် နိုင်ငံအမျိုးသားအကျိုးစီးပွားအတွက် အရေးပါသော ဘတ်ဘီလီယံ ၂၀၀ တန် မီဂါစီမံကိန်းကြီး ၂ ခုကို ကိုယ်ကျိုးစီးပွားရှာဖွေနိုင်ရေး အကွက်ရွှေ့ခဲ့ကြကြောင်း တင်ပြသွားခဲ့သည်။
လေဆိပ် ၃ ခုကို ဆက်သွယ်မည့် မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်း (တန်ကြေး ဘတ် ၁၄၉ ဘီလီယံ) နှင့် အမြန်လမ်းတိုးချဲ့ရေးစီမံကိန်း (တန်ကြေး ဘတ် ၃၄ ဘီလီယံ) စီမံကိန်းကြီး ၂ ခုကို ဖွေထိုင်းပါတီ တင်မြှောက်သည့် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် သက်ဆင်တို့ လျှို့ဝှက်အစည်းအဝေးကျင်းပကာ လုပ်ကွက်အကျိုးအမြတ်များစွာ ရရှိရေး စာချုပ်ပြင်ဆင်မှုများ လုပ်ခဲ့ကြကြောင်း Surachet က ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းကို ၂၀၁၉ ခုနှစ်ကတည်းက ကန်ထရိုက်စာချုပ် ချုပ်ခဲ့ခြင်းဖြစ်သော် လည်း ယခုအထိ လုပ်ငန်းစတင်နိုင်ခြင်းမရှိသေးဘဲ ကန်ထရိုက်များက စိုက်ထုတ်ထားနှင့်ရမည့် စီမံကိန်းငွေကြေးကို အစိုးရဘက်မှ စိုက်ပေးထားရန် စာချုပ်ပြင်ဆင်မှုအား ဖွေထိုင်းပါတီတင်မြှောက်ထားသည့် အစိုးရအဖွဲ့ဝန်ကြီးများနှင့် ကန်ထရိုက်များကို သက်ဆင်က ဦးဆောင်ကာ လျှို့ဝှက် ဆွေးနွေးခဲ့ကြောင်း၊ ထိုငွေကြေးကျမှ လုပ်ငန်းစတင်ရန် အချိန်ဆွဲနေကြခြင်းဖြစ်ကာ စာရွက်စာတမ်းအထောက်အထားများကို ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) ထံ မတင်သေးဘဲ အချိန်ဆွဲထားပြီး စာချုပ်ပြင်ဆင်မှုကို စောင့်နေကြကြောင်း၊ လက်ရှိ အခြေအနေအရ အစိုးရဘက်မှ ထိုစီမံကိန်းအတွက် ကန်ထရိုက်တာများကို မြေယာလျော်ကြေး၊ လမ်းအနေအထား ထိန်းညှိပြင်ဆင်မှု၊ တံတားများတည်ဆောက်ရေး၊ တခြားသော ဆောက်လုပ်ရေး စားရိတ်များအတွက် ဘတ် ဘီလီယံ ၁၀၀ ပေးခဲ့ရခြင်းက နိုင်ငံတော် ဘဏ္ဍာရေး အကျပ်အတည်းကို ဦးတည်စေသည်ဟု Surachet က တင်ပြသွားခဲ့သည်။
ဆက်လက်ပြီး ဘတ် ၃၄ ဘီလီယံတန် အဝေးပြေးလမ်းမချဲ့ထွင်ခြင်း စီမံကိန်းစာချုပ်သက်တမ်းသည် ကုန်လုနီးနေသော်လည်း လမ်းစီမံကိန်းလုပ်ဆောင်မှုများမှ ရေရှည်အကျိုးခံစားခွင့်ကို မျှော်ကိုးသည့် စာချုပ်ပြင်ဆင်မှုကို သက်ဆင်နှင့်ပတ်သက်ကာ လျှို့ဝှက်ပြင်ဆင်ခဲ့ကြောင်း၊ ထိုပြင်ဆင်မှုအရ ကန်ထရိုက်များသည်၂၀၅၈ ခုနှစ်အထိ လမ်းပိုင်းအသုံးပြုခ နှစ်ပေါင်း ၃၃ နှစ်ကို အချိုးကျ ခံစားခွင့်ရရှိ ရန်စီစဉ်ခဲ့ကြောင်း၊ ထိုလုပ်ရပ်များသည် နိုင်ငံအစိုးရပိုင်ဆိုင်မှုမှ ပြည်သူ့အကျိုးစီးပွားကို ဝင်ရောက် ခြယ်လှယ်စီမံခြင်းဖြစ်သည်ဟု Surachet က တင်ပြသွားခဲ့သည်။
ကိုကလင်း
Ref:The Nation
#MeKongNews








