ဘန်ကောက် MBK စင်တာတွင် စျေးရောင်းအလုပ်လုပ်သူ မြန်မာ ၂၀ ဖမ်းခံရ
မဲခေါင်၊ ဖေဖော်ဝါရီ ၂၄
ထိုင်းနိုင်ငံတစ်ဝန်း ထိုင်းလူမျိုးများသာ လုပ်ပိုင်ခွင့်ပြုထားသော အလုပ်အကိုင်များတွင် တရားမဝင် ပြည်ပသားများ ဝင်ရောက်လုပ်ကိုင်နေမှု တိုက်ဖျက်ရေး စီမံချက်ချ ဖမ်းဆီးနေရာ ဘန်ကောက်ရှိ MBK စင်တာ စျေးဆိုင်များ တွင် စျေးရောင်းနေသူ မြန်မာ အယောက် ၂၀ ဖမ်းဆီးခံခဲ့ရသည်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့က ထိုင်းအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များ MBK စင်တာသို့ ဝင်ရောက်ဖမ်းဆီးရာတွင် မြန်မာ အယောက် ၂၀၊ ဆီးရီးယားသား ၁ ယောက်နှင့် အိန္ဒိယသား ၁ ယောက်တို့ တရားဝင်လုပ်ကိုင်ခွင့်မရှိသော အလုပ်များ လုပ်ကိုင်သည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများကို ပသမ်ဝန်ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး အရေးယူရန် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်။
ထိုင်းနိုင်ငံတွင် ပြည်ပနိုင်ငံသားများ လုပ်ကိုင်ခွင့်မရှိဘဲ ထိုင်းလူမျိုးများသာ လုပ်ကိုင်ခွင့်ပြုထားသော လုပ်ငန်းများစွာရှိနေကာ နိုင်ငံသားများအလုပ်အကိုင်အခွင့်အလမ်းများကို အကာအကွယ်ပေးထားသော်လည်း ထိုင်းနိုင်ငံသားအများစုသည် တစ်နေ့ အနိမ့်ဆုံးလခ ဘတ် ၃၈၀ ရသည့်အလုပ်များကိုပင် မလုပ်ကိုင်ချင်ကြဘဲ ဘတ် ၁၀၀၀ ဝန်းကျင်ရမှ လုပ်ကိုင်လိုနေကြသည်ဟု ဖော်ပြပါသတင်း၏ အောက်မှ ကွန်းမန့်တစ်ခုတွင် ရေးသားထားသည်။
အခြား ကွန်းမန့်တွင် ထိုင်းဆိုင်ရှင်များအတွက် မြန်မာ လုပ်သားများကို တစ်နေ့လုပ်ခ ဘတ် ၁၅၀ ၊ ၂၀၀ လောက်သာ ပေးခေါ်ပြီးခိုင်းစေရသည်မှာ ဝန်ထမ်းလစာ သက်သာသလို မြန်မာလိုနှင့် အင်္ဂလိပ်လို ပြောဆိုတတ်သူများသောကြောင့် စျေးရောင်းခိုင်းရသည်မှာ ပိုအဆင်ပြေစေသည်ဟုလည်း ရေးသားထားသည်။
Ref:Khaosod
ကိုကလင်း
#MeKongNews









