BGF ခေါင်းဆောင်များကို ဖမ်းဆီးရေး တရုတ်၊ အမေရိကန်နှင့် ပူးပေါင်းမည်ဟု ထိုင်းတရားရေးဝန်ကြီး ဆို
မဲခေါင်၊ ဖေဖော်ဝါရီ ၁၂
ကရင်နယ်ခြားစောင့်တပ်မှ စောချစ်သူ၊ မုတ်သုန်နှင့် တင်ဝင်းတို့အား ဖမ်းဆီးရေး စီစဥ်နေပြီး တရုတ်၊ အမေရိကန်တို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ထိုင်းတရားရေးဝန်ကြီး က ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြောသည်။
ဖမ်းဝရမ်းထုတ်ရန် စီစဥ်နေပြီး၊ ဖမ်းဆီးနိုင်ရေးသည် နယ်စပ်ဖြတ်ကျော် စီရင်ရမည့် အရေးဖြစ်သည်ဟုလည်း တရားရေးဝန်ကြီး ထာဝီဆော့ဒ်ဆန် က ထပ်ပြောသည်။
ရွှေတြိဂံဒေသနှင့် ကရင်ပြည်နယ် မြ၀တီတစ်ကြောမှ ကျားဖြန့် လုပ်ငန်းများအတွက် စောချစ်သူ၊ မုတ်သုန်နှင့် တင်ဝင်းတို့အား ဖမ်း၀ရမ်းထုတ်ရေး အေဂျင်စီများစွာ ပူးပေါင်းခြင်းဖြင့် DSI မှ ဖမ်း၀ရမ်း ထုတ်ရေး ရှေ့နေများထံ ရရှိ အထောက်အထား အချက်အလက်များတင်ထားပြီး အမြန်ဆုံး ၀ရမ်းထုတ်နိုင်မည်ဟု ထာဝီဆော့ဒ်ဆန်က ဆိုသည်။
အဆိုပါ ဖမ်း၀ရမ်းထုတ်မည့် စာရင်းကို တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုဝန်ကြီး Liu Zhongyi ဘက်မှ စာရင်းပေးခြင်းမဟုတ်ဘဲ မိမိတို့သာ စုံစမ်းထောက်လှမ်းရရှိထားသော သက်သေများအရ စာရင်းထုတ်ခြင်း ဖြစ်သည်ဟုဆိုသည်။
နှစ်ပေါင်းများစွာကတည်းက ထိုင်းနိုင်ငံသားများစွာသာမက ပြည်ပနိုင်ငံသားများစွာ လူမှောင်ခို ကူးခံရခြင်းကြောင့် ထိခိုက်မှုများစွာရှိခဲ့မှုအတွက် သက်သေအထောက်အထားများလည်းရှိနေပြီး မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB) ရုံးနှင့် အခြားအေဂျင်စီများထံမှ အချက်အလက်အထောက် အထားများထပ်မံစုဆောင်းကာ ဖမ်း၀ရမ်းအမြန်ဆုံး ထုတ်နိုင်မည်ဖြစ် ဟုဆိုသည်။
ထိုဖမ်းဆီးမှုကို ထိုင်း၊ တရုတ် နှင့် အမေရိကန်သာမက အာဆီယံနိုင်ငံနှင့်တခြား နိုင်ငံတကာအေဂျင်စီများ ပူးပေါင်းဆောင်ရွက်သွားရေးမှာ မခက်ခဲနိုင်ဟု ထာဝီဆော့ဒ်ဆန်က ပြောကြားသည်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ထာဝီဆော့ဒ်ဆန်နှင့် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရောဘတ်အက်ဖ် ဂိုဒက်စ်တို့ တွေ့ဆုံခဲ့ပြီး ကျားဖြန်နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ရန် တိုင်ပင်ခဲ့ကြသလို ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ထိုင်းနိုင်ငံ၌ ထိုင်းနှင့် အမေရိကန်ဦးဆောင်ကာ နိုင်ငံပေါင်း ၃၀ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ် Cobra Gold 2025 တွင်လည်း ကျားဖြန် နှိမ်နင်းရေးအတွက် ဆိုက်ဘာမူခင်းနှိမ်နင်းမှု အစီအစဉ်ပါဝင် မည်ဖြစ်ကြောင်း သိရှိရသည်။
Ref:Khaosod
ကိုကလင်း
#MeKongNews
ပုံအညွှန်း- ဇန်နဝါရီ ၁၄ ရက်က BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်ပြီး DKBA တာဝန်ရှိသူများနှင့် မြဝတီခရိုင်အတွင်းရှိ တရုတ်လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံနေစဥ်








