မဲခေါင်၊ ဇန်နဝါရီ ၃၀
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့မှာ ထွေအုပ်ရပ်ကျေးစာရေးတစ်ဦး ပြီးခဲ့တဲ့ရက်ပိုင်းက အသတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အသတ်ခံရသူဟာ ရပ်ကျေးစာရေး ဦးငွေစိုးသန်း ဆိုသူဖြစ်ပြီး မိုင်းဆတ်မြို့၊ ဝိန်းဝိုင်ရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဘယ်သူလုပ်တယ်တော့ မသိကြဘူး၊ အလောင်းတော့ ပို့လာတယ်၊ မိုင်းတုံ နားကောင်းမူးဘက်မှာ သတ်ခံရတာ” လို့ မိုင်းဆတ်မြို့ခံတစ်ဦးက ပြောပါတယ်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရပ်ကျေးစာရေးဟာ မိုင်းတုံ၊ နားကောင်းမူးဘက်ကို ကားနဲ့သွားခဲ့တာဖြစ်ပြီး အမည်မသိသူ တစ်ဦးက ဖုန်းနဲ့ပြောလာလို့ သေနတ်ဒဏ်ရာနဲ့ အလောင်းကို မိုင်းတုံဘက်မှာ သွားယူခဲ့ရတယ်လို့ ပြောပါတယ်။
မိုင်းဆတ်မြို့နယ်အတွင်းမှာ အုပ်ချုပ်ရေး တာဝန်ရှိသူတချို့ဟာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး တချို့ကို ခြိမ်းခြောက်ပြောဆို အနိုင်ထက်ပြုကျင့်တာ၊ နေအိမ်ခြံဝန်းတွေကို ပိုင်ရှင်က သဘောမတူပဲ အဓမ္မဖျက်ပြီး လမ်းဖောက်တာ၊ KTV ဆောက်လုပ်တာတွေအပြင် သစ်ခိုးထုတ်တာတွေကိုလည်း ငွေယူပြီး ခွင့်ပြုတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး ဟာလည်း ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ဒေသအတွင်း လောင်းကစားဝိုင်းတွေကို ငွေကြေးနဲ့ ခွင့်ပြုပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
MK-012
#MeKongNews
#မိုင်းဆတ်
#ထွေအုပ်စာရေး
#သတ်ခံရ
#ဦးငွေစိုးသန်း








