မဲခေါင်၊ မတ် ၁၁
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၃/ရန်ပြေ ရပ်ကွက်ရှိ ၅ လွှာတိုက်ခန်း အနောက်ဘက်မှာ အဝတ်ထွက်လှမ်းတဲ့ အမျိုးသား ဒီကနေ့ မနက်ပိုင်းက ပြုတ်ကျ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။
ဒီကနေ့ မနက် ၈ နာရီ ဝန်းကျင်က အသက် ၆၉ နှစ်အရွယ် အမျိုးသား တိုက်ပေါ်မှ ပြုတ်ကျခဲ့တဲ့ အတွက် အခင်းဖြစ်ပွားရာ နေရာမှာ သေဆုံးသွားတယ်လို့ သူကပြောပါတယ်။
“ ပြုတ်ကျတဲ့ ဦးလေးက လေဖြန်းထားတာ။ အောက်ပြုတ်ကျတော့ ဘယ်ဘက် တစ်ခြမ်း တော်တော်ကြီး ထိသွားတယ်။ လက်ထဲမှာလည်း သူလှမ်းမယ့် အဝတ်တစ်ချို့ ပါလာတယ်။ အရှိန်လွန်ပြီး မထိန်းနိုင်လို့ ပြုတ်ကျသွားတာ ဖြစ်မယ်။ အဲ့အခန်းမှာတော့ ပြုတ်ကျသွားတဲ့ ဦးလေး တစ်ယောက်ထဲ နေတာ။ သူ့သားကလည်း ဒီရပ်ကွက်ထဲမှာ နေတယ်။ အလောင်း သယ်ခါနီးတော့ ရောက်လာတာ တွေ့တယ်” လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
သေဆုံးသူ ရုပ်အလောင်းကို သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ကူညီ ပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။
MK-005