မဲခေါင်၊ မတ် ၁၉
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဂင်ဒိတ်ကုန်းကျေးရွာ အနီး ရန်ကုန်-ပြည် ကားလမ်းမမှာ ဒီကနေ့ မနက်ပိုင်းက ဇာတ်အဖွဲ့ လိုက်ပါလာတဲ့ ကားတိမ်းမှောက်လို့ လိုက်ပါလာသူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အချို့ စိုးရိမ်ရတယ်လို့ သွားရောက် ကူညီကယ်ဆယ်ရာမှာ ပါဝင်သူ တစ်ဦးက ပြောပါတယ်။
ဒီကနေ့ မတ်လ ၁၉ ရက်၊ မနက် ၆ နာရီကျော်က ဇော်ဇော်ဗိုလ် ဆိုင်းအဖွဲ့ ဇာတ်သဘင်ကား နောက်ဘီးကျွတ်ကာ ရေမြောင်း အတွင်း ထိုးကျ တိမ်းမှောက်ခဲ့တာ ဖြစ်ပြီး ကားပေါ်မှာ လူ ၃၂ ဦး လိုက်ပါလာတာ ဖြစ်တယ်လို့ သူကပြောပါတယ်။
“ အားလုံး ယောက်ျားလေး ၂၁ ယောက်ပါတယ်။ အမျိုးသမီး ၁၁ ယောက်ပါတယ်။ အားလုံး ထိတာ ၁၁ ဦး ထိခိုက်ဒဏ်ရာ ရတယ်။ ယောက်ျားလေး ၂ ယောက်နဲ့ မိန်းကလေး တစ်ယောက် စိုးရိမ်ရတယ်။ ကျန်တဲ့သူတွေ ကတော့ အနည်းငယ်လောက် ထိခိုက်ဒဏ်ရာ ရတယ်” လို့ သူကပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရသူတွေကို မင်းလှ ပြည်သူ့ဆေးရုံသို့ တင်ပို့ထားတယ်လို့ သိရပါတယ်။
MK-005
#ရန်ကုန်-ပြည်လမ်း