မဲခေါင်၊ ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ မြို့နယ် EPC ရုံးနားမှာ လမ်းပြောင်းပြန် မောင်းလာတဲ့ကားက ဝင်တိုက်လို့ ဆိုင်ကယ်စီးလာတဲ့ မိသားစုဝင် ၄ ဦး သေဆုံး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်၊ ည ၉ နာရီ ဝန်းကျင်က မိသားစု ၄ ယောက် စီးနင်းလာတဲ့ ဆိုင်ကယ်ကို လမ်းပြောင်းပြန် မောင်းလာတဲ့ ကားက ဝင်တိုက်ခဲ့လို့ မိသားစုဝင် ၃ ဦး နေရာမှာ သေဆုံးခဲ့ပြီး သမီးငယ် ဖြစ်သူ ဆေးရုံမှာ ထပ်မံ သေဆုံးခဲ့တယ်လို့ ကူညီ ကယ်ဆယ်ရေးတွင် ပါဝင်သူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။
“ သေဆုံးသွားတဲ့ မိသားစုက ရွှေပေါက်ကံမြို့သစ်ထဲမှာ နေကြတယ်။ သမီးလေးကတော့ မေဓါဝီ ဆေးရုံမှာ ည ၁၂ နာရီ ဝန်းကျင်လောက်မှာ ဆုံးသွားတယ်။ ကားသမားကတော့ မောင်းပြီး ထွက်ပြေးသွားတယ်။ နောက်ကနေ လိုက်ပြီး ဖမ်းတော့ ဝေဘာဂီနားမှာ ပြန်ပြီးမိတယ်” လို့ သူကပြောပါတယ်။
သေဆုံးတဲ့ မိသားစု ၄ ဦးဟာ ရွှေပေါက်ကံ (၂၂) ရပ်ကွက်မှာ နေထိုင်တဲ့ ဦးဌေးအောင်၊ ဒေါ်အေးမြတ်သူ၊ မောင်ဇွဲထက်ပိုင်နဲ့ မအိမ့်ချစ်ပိုင် တို့ဖြစ်ပြီး ရုပ်အလောင်းတွေကို မေဓာဝီဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လိူ့ သိရပါတယ်။
MK-005