မဲခေါင်၊ မတ် ၃
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာမှာ နေထိုင်သူ အသက် ၁၁ နှစ်အရွယ်ရှိ မဖြိုးဖြိုးအောင် ဟာ မတ်လ ၂ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က ကျေးရွာ အတွင်း ဈေးသွားဝယ်ရာမှ ပျောက်ဆုံးခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒီမိန်းကလေးငယ်ကို ဆေးတို့ လူယက်သူ အမျိုးသမီးကြီးက လက်ပုတ် ခေါ်ဆောင်သွားပြီးနောက် ကလေးငယ်ကို ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီး ထမင်းဆိုင်မှာ ထားရှိခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ ကလေးနဲ့ တို့ဆေးလုပ်တဲ့ အမျိုးသမီးနှစ်ယောက် ရယ်မောပြီး ထမင်းဆိုင်ထဲ အတူလာကြတာ။ ဆိုင်ပိုင်ရှင်တွေကလည်း အတူတူလာတယ် ထင်တာပေါ့။ ကလေးကို ထမင်းဟင်း သူကြိုက်တာနဲ့ ထည့်ပေးဖို့ မှာတယ်။ သူကတော့ ပိုက်ဆံမလောက်လို့ ကလေးအဖေ သွားခေါ်ပြီး ပြန်လာမယ် ပြောသွားတာ။ ကလေးက ၁၂ ခွဲကျော်တော့မှ ငိုပြီး သူ့ကို အိမ်ပြန်ပို့ပေးဖို့ ပြောတာ။ ပြီးတော့မှ ရပ်ကွက်လူကြီးတွေနဲ့ ကလေးမိဘတွေ ရောက်လာပြီး ကလေးကို ပြန်ခေါ်သွားတာပါ” လို့ သူကပြောပါတယ်။
တို့ဆေး အသုံးပြုတဲ့ အမျိုးသမီးဟာ ကလေးငယ် ဝတ်ဆင်ထားတဲ့ နားကပ်ကို ထမင်းဆိုင်လာရာ လမ်းချွတ်ယူထားလိုက်တယ်လို့ ကလေးငယ်က ပြန်လည် ပြောဆိုကြောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။
MK-005