မဲခေါင်၊ ဇူလိုင် ၂၂
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးက နမ်ဆန်ယန်ရွာနဲ့ ခါယာတောင်ကြောမှာ ဇူလိုင်လ ၂၁ ရက်နေ့ည ၁၀ နာရီခွဲ ဝန်းကျင်ခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံတွေနဲ့ KIA ရှေ့တန်းသတင်း ရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ နောက်ဆုံးထားပြီး ရွာကနေရှောင်ကြဖို့ KIO/KIA က အသိပေးကြေညာထားပေမယ့် ကျန်ရှိတဲ့ ဒေသခံတချို့ စစ်ကောင်စီကြဲတဲ့ ဗုံးဒဏ်ခံရပြီး ထွက်ပြေးတိမ်းရှောင်လာကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“နမ်ဆန်ယန် ကျေးရွာ အုပ်ချုပ်ရေးရုံး အကုန်ပျက်စီးသွားတယ်။ လူတွေတော့ ဘာမှ မဖြစ်ဘူး။ လူတွေ တယောက်တလေတော့ ရှိတယ်။ ရှိလည်း လူတွေတော့ ဘာမှဖြစ်ဘူး။ နွား ၁ ကောင်၊ ၂ ကောင် ထိသွားတယ်” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။
လိုင်ဇာအနီးဘက်က ခါယာတောင်ဘက်မှာလည်း လေကြောင်းနဲ့ ဗုံးလာရောက်ကြဲသွားတဲ့အပြင် လက်နက်ပစ်ခတ်သံတွေ အဆက်မပြတ် ကြားရတယ်လို့ အနီးနားနေထိုင်သူတစ်ဦးက ပြောပါတယ်။
“ခါ့ယာတောင်ခြေမှာ သွားကျတယ်။ ရွာဘက်တော့ မဟုတ်ဘူး” လို့ သူက ပြောပါတယ်။
KIA ရှေ့တန်း သတင်းရင်းမြစ် ၁ ဦးက မနေ့ည ၁၀ နာရီခွဲ ဝန်းကျင် ဂျက်ဖိုက်တာ လေစင်းတက်လာပြီး ၃ စင်းကတော့ ဗုံးကြဲချသွားတယ်လို့ ပြောပါတယ်။
မနေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း ဗန်းမော်လမ်းကြောင်းဖြစ်တဲ့ ဒေါ့ဖုန်းယန် အကျော်နားက ဒိန်ဂါဘက်မှာ လုံခြုံရေး ယူနေတဲ့ KIA အဖွဲ့ကို စစ်ကောင်စီက အရပ်ဝတ်နဲ့ လာရောက်ပစ်ခတ်တာကြောင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်ရာက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလော KIO/KIA ဌာနချုပ်နဲ့ နီးရာ နမ်ဆန်ယန်နဲ့ အနီးဝန်းကျင်တွေမှာ စစ်ကောင်စီက အင်အားဖြည့် စစ်ကောင်းထိုးနေဆဲဖြစ်ပြီး မနေ့ညကစ လေကြောင်း စစ်ဆင်နေတာဖြစ်ပါတယ်။
နမ်ဆန်ယန်အနီးမှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကစ စစ်ကောင်စီနဲ့ KIA တို့အကြား ကျော့ပြန် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာပြီး နမ်ဆန်ယန်ဘက် စစ်ကောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ KIA တို့အကြား နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေတာပါ။
CJ-008
#MeKongNews
#KIA
#စစ်ကောင်စီ
#နမ်ဆန်ယန်
#ဗုံးကြဲ
#Photo : Myitkyina News Journal