မဲခေါင်၊ နိုဝင်ဘာ ၁
စစ်ကောင်စီ လက်အောက်ခံ စစ်သားတွေ အနေနဲ့ စစ်စခန်းတွေကနေ လက်နက်အပ်ရင် ဖြစ်စေ၊ အလင်းဝင်ရင် ဖြစ်စေ အသက်အန္တရာယ် လုံခြုံရေးကို အထူးအာမခံတယ်လို့ ရှမ်းမြောက် ညီနောင်မဟာမိတ် ၃ ဖွဲ့က ကြေညာလိုက်ပါတယ်။
မနေ့က အောက်တိုဘာ ၃၁ ရက်နေ့မှာ ကိုးကန့် MNDAA၊ တအင်းအမျိုးသား တပ်မတော် TNLA နဲ့ ရက္ခိုင့် တပ်တော် AA တို့က စစ်ကောာင်စီ စစ်သားတွေအတွက် အထူးတိုက်တွန်းချက် ထုတ်ပြန်ရာမှာ အခုလို ထည့်သွင်း ကြေညာလိုက်တာပါ။
အဆိုပါ တိုက်တွန်းချက်ထဲမှာ စစ်ဆင်ရေး ရည်မှန်းချက် ပြည့်မြောက်အောင် ဆက်လက် ဆောင်ရွက်မှာဖြစ်လို့ စစ်ကောင်စီ လက်အောက်ခံတွေ အနေနဲ့ အမြန်ဆုံး ဆက်သွယ်ပြီး လက်နက်အပ် အလင်းဝင်ဖို့နဲ့ အလင်းဝင် ရောက်ရင်လည်း လူ့ဂုဏ်သိက္ခာ၊ စစ်သား ဂုဏ်သိက္ခာ မထိခိုက်အောင် ဆောင်ရွက်ပေးမှာဖြစ်ပြီး မိသားစု ဆွေမျိုးတွေနဲ့ ပြန်လည် ပေါင်းစည်းခွင့်ရအောင် ဆောင်ရွက်ပေးမယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် လက်နက်အပ် အလင်းဝင်လာမယ့် စစ်ကောင်စီ လက်အောက်ခံတွေကို လမ်းခရီး သွားလာဖို့ လိုအပ်တဲ့ ခရီးစရိတ်တွေ အတတ်နိုင်ဆုံး ကူညီ ထောက်ပံ့မှာဖြစ်ပြီး မကျန်းမာသူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမယ်လို့ ညီနောင် မဟာမိတ်တွေက အသိပေး ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့မှာ ညီနောင် အဖွဲ့အစည်းတွေ အနေနဲ့ စစ်ကောင်စီ တပ်အင်အား ၅၀ ခန့်ရှိတဲ့ တပ်စခန်း တစ်ခုလုံးကို ၂ နာရီအတွင်း ချေမှုန်းနိုင်ပေမယ့် အချိန်မီ အညံ့ခံခဲ့တာကြောင့် တစ်ယောက်မကျန် အသက်ချမ်းသာပေးပြီး ဘေးကင်းတဲ့ နေရာမှာ လုံခြုံစွာ နေရာချထားပေးခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က အသက်မသေလိုဘဲ မိသားစုနဲ့ ပေါင်းစည်းလိုတာကြောင့် အလင်းဝင်လာသူပေါင်း ၁၀၀ ကျော် အထိရှိနေပြီလို့လည်း သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ၅ ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်စခန်း ၈၀ ကျော်အပါအဝင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သန္နီမြို့တွေကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီး စစ်ဆင်ရေး ရက်တွေအတွင်း စစ်ကောင်စီတပ်သား အများအပြားသေဆုံး၊ ဒဏ်ရာရကာ စစ်လက်နက်ခဲယမ်း၊ အသုံးအဆောင် အများအပြား သိမ်းဆည်းနိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ်တွေက ရဒပ်သံတွေ၊ ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန် ကြေညာထားပြီး ဖြစ်ပါတယ်။
MK-009
#MekongNews
#ကိုးကန့်_MNDAA
#အလင်း၀င်
#TNLA









