မဲခေါင်၊ အောက်တိုဘာ ၁၂
၂၀၂၃ ခုနှစ်ရဲ့ လူသားချင်း စာနာမှုဆိုင်ရာ တုန့်ပြန် ကူညီမှု အစီအစဉ် အတွက် လိုအပ်တဲ့ ရန်ပုံငွေရဲ့ ၂၈ ရာခိုင်နှုန်းသာရရှိပြီး ထပ်တိုးရန်ပုံငွေများစွာ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဒီနေ့ အောက်တိုဘာ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
အခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ အတူ ရွှေ့ပြောင်း အခြေချ ပြည်သူ ၇၀၀,၀၀၀ အပါအဝင် လူဦးရေ ၁ ဒဿမ ၈ သန်းကျော်ကို အကူအညီပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၉ ရက်နေ့မှာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး ဗုံးကြဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးသူတွေထဲက အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သား ဒါဇင်နဲ့ချီ သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အနီးအနားက ကျေးရွာ တစ်ရွာနဲ့ လူပေါင်း ၆,၀၀၀ ကျော်နေထိုင်တဲ့ ရွှေပြောင်း အခြေချစခန်းကို ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂၆ ရက်နေ့ကနေ အောက်တိုဘာ ၁ ရက်နေ့အထိ မြန်မာနိုင်ငံ အရှေ့တောင်ဘက်မှာ လူဦးရေ ၄,၈၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး နိုင်ငံရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်း အတွင်းက လက်နက်ကိုင် တိုက်ပွဲတွေကြောင့် လူဦးရေ ၁၃,၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ အနီးက သစ်တောတွေထဲ ထွက်ပြေး တိမ်းရှောင်နေကြရပြီး အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ တခြား အခြေခံပစ္စည်းတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
စက်တင်ဘာလ နောက်ပိုင်းကစပြီး ကရင်နီပြည်နယ်ထဲက အဓိကလမ်းတွေ ပိတ်ဆို့ထားတာကြောင့် ရှမ်း-ကရင်နီ နယ်စပ် တလျှောက်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေ အနေနဲ့ လူမှုကယ်ဆယ်ရေးပစ္စည်း ပြတ်လပ်မှုတွေ ကြုံတွေ့နေရသလို လူသားချင်း စာနာမှုဆိုင်ရာ ဝင်ရောက် ကူညီခွင့်တွေ အဟန့်အတားဖြစ်နေတယ်လို့လည်း UNOCHA က ဆိုထားပါတယ်။
MK-009
#MeKongNews
#UNOCHA
#လူသားချင်းစာနာမှု
#ရှမ်း_ကရင်နီ








