မဲခေါင်၊ စက်တင်ဘာ ၂၁
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အခြေစိုက် ဒေသကွပ်ကွဲမှု စစ်ဌာနချုပ်-ဒကစ ဗဟိုကင်းကို မနေ့က ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ၀င်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီစစ်ရေး သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
မနေ့က ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်တွေ လွိုင်ကော်မြို့ အ၀င်မှာရှိတဲ့ ဒကစ ဗဟိုကင်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကင်းဂိတ် ထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးမှု ရှိတယ်လို့ ဆိုပါတယ်။
“ကင်းဂိတ်ကတော့ ပျက်စီးသွားတယ်။ သူတို့ (စစ်ကောင်စီ) လည်း သေတာတွေရှိမယ်။ အသေးစိတ်ကိုတော့ နောက်ညှိနှိုင်းပြီးမှ ထုတ်ပြန်ပါမယ်” လို့ သူကရှင်းပြပါတယ်။
ဒီလို တိုက်ခိုက်ခံရမှုကြောင့် လွိုင်ကော် ဒကစ တပ်၀န်းထဲမှာ လှုပ်လှုပ်ရှားရှားဖြစ်နေပြီး လုံခြုံရေး တင်းကြပ်ထားတယ်လို့ သိရပါတယ်။
လွိုင်ကော် အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ဟာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်-ရပခ ကွပ်ကဲမှု အောက်မှာရှိတဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဖြစ်ပါတယ်။
ဒကစ ရဲ့ အဓိက တာဝန်ဟာ ရပခ ကွပ်ကဲမှုအောက်ရှိ ကရင်နီပြည်နယ်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကို တိုင်းစစ်ဌာနချုပ် ကိုယ်စား တာဝန်ယူ ဆောင်ရွက်ရတဲ့ အတွက် စစ်ကောင်စီ အတွက် အရေးပါတဲ့ စစ်ဌာနချုပ် ဖြစ်တယ်လို့ သိရပါတယ်။
MK-007
#MeKongNews
#လွိုင်ကော်မြို့
#ဒစက








