မဲခေါင်၊ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊ မူဆယ်မြို့ တရုတ်ဘက် အဝင်ဂိတ်တွေမှာ ဒီရက်ပိုင်း အတွင်း လဝက နဲ့ အဖွဲ့စုံက ပွဲစားတွေနဲ့ ပေါင်းပြီး တိုကင် ရောင်းစားနေတယ်လို့ ဒေသခံတွေနဲ့ တိုကင် ဝယ်ယူခဲ့သူတွေက ပြောပါတယ်။
၃ နှစ်ကျော်ကြာ ပိတ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ် ဖြတ်သန်းခွင့်ကို တရုတ်ဘက်က ပြန်ဖွင့်ပေးလိုက်ပြီးနောက် တရုတ်ဘက် ၀င်ခွင့် တစ်ခါသုံးကတ်ရဖို့ နေ့စဥ် လူထောင်ချီ တန်းစီနေရတာ ဖြစ်ပါတယ်။
“၂ သိန်းပေးခဲ့ရတယ်။ မနေ့က အသိတစ်ယောက် ဝင်သွားပြီ” လို့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
၂,၀၀၀ ကျပ်တန် တရုတ်နယ်စပ် ဝင်ထွက်ခွင့် တစ်ပတ်ကတ်အတွက် တိုကင် တစ်ခုကို တရုတ်ငွေ ယွမ် ၅၀၀ (ကျပ် ၂ သိန်းခွဲ၀န်းကျင်) ကနေ ကျပ် ၃ သိန်း အထိ ပေးဝယ်ရပြီး ဈေးအမျိုးမျိုး ပေါက်နေတယ်လို့ သူက ပြောပါတယ်။
“အဖွဲ့ တစ်ဖွဲ့ကို မဟုတ်ဘူး။ တိုကင် တစ်ခုကို တစ်သိန်း၊ ၂ သိန်း အဲလို ပေးဝယ်နေရတယ်။ သူတို့ (လဝက) မပါရင် ဒီကိစ္စက ဘယ်လိုမှ ဖြစ်လာစရာ အကြောင်းမရှိဘူး” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
တိုကင် တိုကင် တစ်ခုကို ၂ သိန်းခွဲကျပ်ဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်နေ့အထိ လူပြည့်နေပေမယ့် တုံကင်ဝယ်ရင် ကြားရက်ရဖို့ လူကြီးတွေနဲ့ ညှိပေးမှာ ဖြစ်ကြောင်း တိုကင် ဝယ်ဖို့ မေးမြန်းသူ တစ်ဦးကို ပွဲစား အမျိုးသမီး တစ်ဦးက ရှင်းပြနေတာ တွေ့ရပါတယ်။
“လူကြီးက ခိုင်းတာ” လို့ အဲဒီ ပွဲစား အမျိုးသမီးက ပြောပါတယ်။
လက်ရှိ မူဆယ်မြို့က တရုတ် – မြန်မာ နယ်စပ် လူအဝင်အထွက် ဂိတ်တွေဖြစ်တဲ့ နန်းတော် နဲ့ ဆင်ဖြူမှာ တရုတ်ဘက် နယ်စပ် ဖြတ်ကျော်ခွင့် တခါသုံးကတ်ရဖို့ လူထောင်ချီ နေပူ မိုးရွာ မရှောင် နေ့ရော ညပါ စောင့်ဆိုင်း နေရလို့ ပိုမိုလွယ်ကူဖို့ ရည်ရွယ်ပြီး တိုကင်စနစ်နဲ့ ကတ်ထုတ်ပေးရာမှာ အာဏာပိုင်တွေကက အခုလို ရောင်းစားနေတာလို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။
“ခုက နန်းတော်နဲ့ ဆင်ဖြူမှာ ဖြစ်နေတာ။ ၅ ရက်စာ တိုကင် ၂,၀၀၀ ဆိုရင် ၁,၀၀၀ လောက်ပဲ တန်းစီသူတွေ ရတာ။ ကျန်တာ ပွဲစားတွေဆီမှာ။ ပွဲစားဆိုတာ ခိုင်းတဲ့လူ မရှိရင်၊ ပေးတဲ့သူ မရှိရင် ပေါ်မလာပါဘူး” လို့ သူက ရှင်းပြပါတယ်။
ဒါ့အပြင် ဆင်ဖြူပေါက်မှာ ပြည်သူ့စစ်နဲ့ တာဝန်ကျ အဖွဲ့စုံတွေက ထိပ်ဆုံးမှာ နေရာယူထားပြီး ပွဲစားတွေနဲ့ ပေါင်းကာ စာအုပ်အနီနဲ့ ဝင်ရောက်မယ့် သူတွေကို လူ၊ ဆိုင်ကယ်၊ ကားတွေ နေရာ ရောင်းစားနေတယ်လို့ နေ့တိုင်း အဝင်အထွက် လုပ်နေသူတွေက ပြောပါတယ်။
“တနေ့က တန်းစီနေတဲ့ လူတွေကိုလည်း ထီးတွေနဲ့ ရိုက်တယ်။ ထီးတောင် ကျိုးသွားတယ်။ ထီးလည်း မလျော်ပေးဘူး။ ခုကာလ ထီးတစ်လက်ဆိုလည်း သောင်းချီ ပေးရတယ်။ ခက်ခဲလို့ လုပ်စားရတာလေ။ စနစ်တကျ မလုပ်တဲ့ အပြင်ကို အဲလိုလုပ်တယ်” လို့ စာအုပ်အနီနဲ့ ဝင်ထွက်နေတဲ့ နယ်စပ် ဒေသခံ တစ်ဦးက ပြောပါတယ်။
ကိုဗစ် ကာလက တရုတ်နယ်စပ်ဂိတ်တွေ လူအဝင်အထွက် ပိတ်ထားခဲ့ရာက အခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့ကစပြီး မူဆယ်ခရိုင် ဒေသခံတွေကို နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီနဲ့ ဝင်ထွက်ခွင့်ပြုခဲ့ပြီး စက်တင်ဘာ ၄ ရက်နေ့ကစကာ တရုတ်ဘက် ၆ ည အိပ်၊ ၇ ရက် လည်ပတ်ခွင့် တခါသုံးကတ်နဲ့ မည်သူမဆို တရုတ်ဘက် ဝင်ရောက်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။
CJ-008
#MeKongNews
#မူဆယ်
#လ၀က
#တိုကင်








