မဲခေါင်၊ သြဂုတ် ၁၀
ရှမ်းမြောက်၊ တအာင်းပြည်နယ်၊ တပ်မဟာ (၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်မှာ သြဂုတ်လ ၉ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာ ၁၄ ရွာမှာ မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် တစ်ဦး မြေပိသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ မန်ကန်ရွာ၊ မန်လုံရွာ၊ နမ့်ဟွမ်ရွာ၊ ကောင်းခေရွာ၊ ပန်လောရွာ၊ ပန်ခါးရွာ၊ လွယ်မွန်းရွာ၊ ဆိုင်တောင်ရွာ၊ ဆာလူရွာ၊ မန်အောင်ရွာ၊ ဖာလင်ရွာ၊ ကြူဆိုင်းရွာ၊ ပန်ဟန်ကြီးရွာနဲ့ မန်စပ်ရွာ စတဲ့ ကျေးရွာ ၁၄ ရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
မြေပြိုမှုကြောင့် နေအိမ် ၂၆ လုံး၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ သီလရှင်ကျောင်း တစ်ကျောင်း မြေပိ ပြိုကျ ပျက်စီးသွားပါတယ်။
ဒ့ါအပြင် ကျေးရွာ ၆ ရွာအတွင်းရှိ လမ်းများ ပြိုကျပျက်စီးသွားပြီး ပန်ခါးရွာနဲ့ ပန်လောရွာကို ဆက်သွယ်ထားတဲ့ တံတား ၂ စင်း ကျိုးကျပျက်စီး သွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။
လမ်းတံတားများ ပြိုကျပျက်စီးမှုကြောင့် လမ်းပိတ်တဲ့ ပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။
မြေပြိုမှုကြောင့် နေအိမ်များအပြင် နေအိမ် အတွင်းရှိ ဆန်၊ ဆိုင်ကယ်နဲ့ နေအိမ် အသုံးအဆောင် ပစ္စည်းများ မြေစာပိပြီး ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
အခုလို ကျေးရွာ ၁၄ ရွာအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၈၀၀ နီးပါး ဆုံးရှုံးသွားခဲ့ရတယ်လို့ TNLA က ဆိုထားပါတယ်။
#ကျေးရွာ ၁၄ ရွာ








