မဲခေါင်၊ ဩဂုတ် ၃
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ကို စစ်ကောင်စီ စစ်ကြောင်း ၃ ခုနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဖရူဆို PDF နဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်း ၃ ခုနဲ့ အင်အား ၂၅၀ ၀န်းကျင် အသုံးပြုကာ ဒီးမော့ဆို-ဖရူဆို လမ်းအတိုင်း ဖရူဆိုမြို့နယ်ကို ဦးတည် ထိုးစစ်ဆင်လာတာကြောင့် လုံခြုံရေးယူထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ဒီးမော့ဆိုမြို့နယ်ထဲက စစ်ကောင်စီတပ်တွေဟာ မနေ့ မနက်ပိုင်းကစပြီး ဖရူဆိုမြို့နယ်ဘက်ကို စစ်ကြောင်းထိုး ၀င်ရောက်လာရာ ဒေါညင်းခူ-ထီးပေါ့ဆို ကျေးရွာချင်းဆက် လမ်းပေါ်မှာ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
“ဒီးမော့ဆိုဘက်က တပ်တွေ ရွေ့လာတာလို့ လောလောဆယ် သိထားတယ်။ တပ်မ (၉၉)၊ (၅၅)၊ (၆၆)၊ တပ်သားတွေ ပါနိုင်တယ်။ တပ်ရင်း တပ်မ အတိအကျတော့ မသိရသေးဘူး” လို့ ဖရူဆို PDF နဲ့ နီးစပ်သူ တစ်ဦးက ရှင်းပြပါတယ်။
လက်ရှိ တိုက်ပွဲတွေ ဖြစ်ပွားနေပေမဲ့ ဖရူဆိုမြို့နယ်ထဲမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း မကောင်းမွန်တာကြောင့် အခြေအနေ အတိအကျ မသိရသေးဘူးလို့ သူကပြောပါတယ်။
ကရင်နီ စစ်ရေးသတင်းရင်းမြစ် တစ်ဦးကတော့ အဆိုပါ တိုက်ပွဲထဲက ရှေ့တန်း ရဲဘော် တစ်ဦးနဲ့ အဆက်အသွယ်ရချိန် တိုက်ပွဲ ပြင်းထန်သံတွေ ကြားနေရပြီး လက်နက်ကြီး အသံတွေလည်း ဖုန်းထဲက ကြားရတယ်လို့ ဆိုပါတယ်။
“တိုက်ပွဲကတော့ ပြင်းတယ်နဲ့တူတယ်။ အသံက ဆက်တိုက်ပဲ။ လက်နက်သံတွေက ဆူတာရယ်၊ ဖုန်းလိုင်းက သိပ်အဆင်မပြေတာနဲ့ ဆိုတော့ တစ်ဖက်က ပြောတာ သေသေချာချာ မကြားရဘူး။ ပြန်ချပြီး ပြန်ခေါ်တော့ ဆက်သွယ်မှု ဧရိယာပြင်ပ ဖြစ်နေတယ်” လို့ သူကရှင်းပြပါတယ်။
တိုက်ပွဲဖြစ်ပွားရာ အနီးအနားမှာ ပြည်သူတွေ နေထိုင်တာ မရှိပေမဲ့ စစ်ကောင်စီက ဖရူဆိုမြို့နယ်ထဲက ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ဒေသခံတွေ အနေနဲ့ ဂရုစိုက်ကြဖို့ သတိပေးပြောဆိုထားပါတယ်။
ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနား ၂၀၂၁ ခုနှစ်၊ ဖေဖော်၀ါရီ ၂၄ ရက်က တပ်မ(၆၆) လက်အောက်ခံ ခမရ (၁၀၈) တပ်ရင်းက ပြည်သူ ၃၀ ထက်မနည်း အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့တာပါ။
မိုဆိုရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ပြည်သူ ၃၀ ကျော် အပြင် ပြည်သူတွေကို အကြမ်းမဖက်ဖို့ တားမြစ်တဲ့ နယ်ခြားစောင့်တပ် (၁၀၀၄) တပ်ဖွဲ့၀င် ၄ ဦးပါ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF ကတော့ ဒေါညင်းခူ-ထီးပေါ့ဆို လမ်းပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ပြည်သူတွေ ဖြတ်သန်းသွားလာမှု မပြုလုပ်ကြဖို့ မနေ့က ထုတ်ပြန် အသိပေးထားပါတယ်။
ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီ တပ်မ (၆၆) လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေတာ ၂ နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။
MK-007
#တပ်မ(၆၆)








