မဲခေါင်၊ ဩဂုတ် ၃၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ စယ်လန့်ရွာမှာ ဩဂုတ်လ ၂၈ နဲ့ ၂၉ ရက်တွေက စစ်ကောင်စီနဲ့ TNLA တိုက်ပွဲကြောင့် ဒေသခံ ၁,၀၀၀ ကျော် စစ်ဘေးရှောင်ရပြီး ရိက္ခာတွေ လိုအပ်နေတယ်လို့ လူမှုကူညီရေးအသင်း တွေက ပြောပါတယ်။
လက်ရှိ ဟိုနား ဘုန်းကြီးကျောင်းမှာ ၂၈၂ ဦး၊ စွမ်စော် (၁) လမ်း ဇရပ်မှာ ၁၆၀ ဦး၊ နမ့်စန့် (တုန်ခွမ်) ဂိုဒေါင် အနီးမှာ ၂၈၆ ဦးနဲ့ အဲဒီ ဂိုဒေါင် အနီး နောက်တစ်နေရာမှာ ၁၀၀ ကျော်၊ မူဆယ် အောင်မင်္ဂလာကျောင်း မှာ ၂၀၀ ဝန်းကျင် ခိုလှုံနေကြတယ်လို့ မူဆယ် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ကွန်ရက် တာဝန် ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
“ပြန်လို့ မရသေးပါဘူး။ အခု လက်ရှိ စစ်ရှောင်စခန်းမှာပါ။ လက်ရှိ ကျနော်တို့ စာရင်း အရတော့ ၁,၀၀၀ ကျော် ရှိတာပေါ့” လို့ သူက ပြောပါတယ်။
စစ်ဘေးရှောင်ရတဲ့ ရွာတွေက စယ်လန့်၊ နမ္ပတီး၊ နမ့်ကတ်၊ မန်ကန်၊ မိုင်းဆတ်၊ ဆိုင်းခေါင်၊ ဂေါင်ရာ စတဲ့ ရွာတွေ ဖြစ်ပြီး ရွာဘက် ရှောင်သူတွေ အတွက် အဓိက အစားအသောက်တွေ လိုအပ်ကာ တချို့ အခင်း၊ စောင်၊ ခြင်ထောင်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
“အခြေခံ စားသောက်ကုန်ကတော့ ဒီ ဟိုနားကျောင်းမှာ လာလှူကြတာလေးတွေနဲ့ အဆင်ပြေတယ်။ ဒါပေမယ့် (အကူအညီ) မရောက် သေးတဲ့ ရွာတွေမှာကျတော့ တော်တော်လိုအပ်တာပေါ့လေ” လို့ သူက ပြောပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ သွားလာလို့ ရပေမယ့် စစ်ရေး အခြေအနေ တင်းမာနေဆဲဖြစ်ပြီး ရွာထဲမှာ TNLA တပ်တွေ စခန်းချထားလို့ အချိန်ရွေး တိုက်ပွဲဖြစ်လာနိုင်တယ်လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
စယ်လန့်အောက်ရွာ နမ္ပတီးရွာခံ အမျိုးသမီးကတော့ တိုက်ပွဲနဲ့နီးတဲ့ ရွာတွေ ရွာလုံးကျွတ် ထွက်ပြေးရတာ ရှိပေပယ့် တချို့က အသိဆွေမျိုး အိမ်တွေမှာ ခိုလှုံနေတာကြောင့် လူဦးရေ အတိအကျ မသိနိုင်ဘူးလို့ ပြောပါတယ်။
ဩဂုတ် ၂၈ နဲ့ ၂၉ ရက်နေ့တွေမှာ စစ်ကောင်စီနဲ့ TNLA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဩဂုတ်လ ၂၉ ရက်နေ့က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရာ ဒေသခံ ပြည်သူတွေ ထိမှန် ဒဏ်ရာရခဲ့သလို့ နေအိမ် တချို့လည်း လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ပါတယ်။
Photo-လူသားချင်း စာနာထောင်ထားမှု အကူအညီပေးအပ်ရေး ကွန်ရက်။
CJ-008
#MeKongNews
#မူဆယ်မြို့နယ်
#TNLA
#စစ်ဘေးရှောင်








