မဲခေါင်၊ ဩဂုတ် ၃၀
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင် စခန်း ၆ ခုကို ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့- KNGY နဲ့ အလှူရှင်တွေက စားနပ်ရိက္ခာ၊ မိုးကာနဲ့ တကိုယ်ရည်သုံး ပစ္စည်းတွေ သွားရောက် ကူညီခဲ့တယ်လို့ KNGY တာဝန်ခံက ပြောပါတယ်။
KNGY ရဲ့ လူသားချင်း စာနာထောက်ထားရေးဌာနမှ ဩဂုတ်လ တတိယပတ် အတွင်း ကယန်းဒေသ စည်းရုံးရေး ဇုံအမှတ် (၂၇) နဲ့ (၂၈)၊ ဒီးမော့ဆို အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၆ ခုကို အရေးပေါ် လိုအပ်ချက်တွေ သွားရောက် ကူညီခဲ့တာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်စခန်း ၆ ခုမှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူ ၁,၀၀၀ ခန့်ကို အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ မိုးကာများအပြင် သွားတိုက်ဆေး၊ သွားတိုက်တံနဲ့ ဆပ်ပြာတွေ ဖြန့်ဝေပေးခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီလို ကူညီခဲ့ပေမယ့် တုပ်ကွေးနဲ့ ခြင်ကိုက်မှုကြောင့် ဖျားနာတာတွေ ကာကွယ်ဖို့ စစ်ဘေးရှောင်တွေ အတွက် ခြင်ထောင်တွေ အရေးပေါ် လိုအပ်နေတယ်လို့ KNGY တာဝန်ခံက ပြောပါတယ်။
“မိုးရာသီပေါ့နော် ဖျားနာတဲ့ဟာတွေက အများကြီး ဖြစ်ကြတယ်ပေါ့နော်။ ရာသီတုပ်ကွေးတို့ ဖြစ်တဲ့ဟာတွေ ရှိတယ်။ ပြီးတော့မှ ခြင်ထောင်တွေ လိုအပ်တယ်လို့ သူတို့ ပြောလာတဲ့ဟာတွေရှိတယ်။ ဒီခြင်ထောင်ပိုင်းတို့ ကတော့ ကျွန်မတို့ ဘက်ကနေပြီးတော့မှ ပံ့ပိုးနိုင်ခြင်း မရှိသေးဘူးပေါ့နော်။ သူတို့ဖျားတာ နှာစေးချောင်းဆိုး တာတွေပေါ့န၊ ရာသီတုပ်ကွေးလို့ ပြောရမှာပေါ့နော်။ တစ်ခါတစ်လေ တစ်စခန်းလုံးဖြစ်တယ်။ သူတို့ ပြောလာတာ ကတော့ ခြင်ထောင်တွေ မရှိဘူးလားပေါ့၊ ခြင်ထောင်တွေ လိုအပ်နေတယ်ပေါ့” လို့ KNGY တာဝန်ခံက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်ထဲက စစ်ရှောင် အများစုဟာ အလှူရှင်တွေကို မှီခိုနေရတာဖြစ်ပြီး တစ်ချို့ကတော့ နီးစပ်ရာ နေရာမှာ ပြန်လည် စိုက်ပျိုးနေတာတွေလည်း ရှိပါတယ်။
အခုတစ်ကြိမ် လှူဒါန်းတာဟာ စိုက်ပျိုးရေး ပြန်မလုပ်နိုင်တဲ့ နေရာတွေနဲ့ အရေးပေါ် လိုအပ်တဲ့ နေရာတွေကို သွားကူညီတာဖြစ်တယ်လို့ KNGY တာဝန်ခံက ရှင်းပြပါတယ်။
ဒါ့အပြင် ဒီးမော့ဆိုမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေဟာ ရေရှားပါးမှု ဒဏ်ကို ခံရနေရဆဲ ဖြစ်ပါတယ်။
“ပြီးတော့ နောက်တစ်ခုက ရေရှားတယ်ပေါ့နော်။ သူတို့ဘက်မှာက မိုးရာသီတောင် ရေရှားတယ်ပေါ့နော်။ တစ်ချို့ကျတော့ မိုးကာရှိရင် မိုးကာနဲ့ ခံယူလို့ရတယ်ပေါ့နော်။ ဒါပေမယ့် အများကြီးဆိုတော့ မိုးကာတွေ မတတ်နိုင်ဘူး။ ရေကန်လည်း မဆောက်နိုင်ကြဘူး” လို့ KNGY တာဝန်ခံက ဆက်ပြောပါတယ်။
ဒီးမော့ဆိုဘက်မှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို တသီးပုဂ္ဂလ အနေနဲ့ လှူဒါန်းလိုသူတွေ အနေနဲ့ KNGY ကို ဆက်သွယ်ပြီး ကူညီလှူဒါန်းနိုင်တယ်လို့ သိရပါတယ်။
CJ-002
#MeKongNews
#ဒီးမော့ဆို
#KNGY
#စစ်ဘေးရှောင်








