မဲခေါင်၊ ဩဂုတ် ၃၀
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်နဲ့ နမ့်ခမ်းမြို့ကြားရှိ ဇယ်လန့်ရွာနဲ့ ရသေ့နောင်မှာ စစ်ကောင်စီနဲ့ TNLA ဩဂုတ်လ ၂၉ ရက် မနက်ပိုင်းကစပြီး တစ်နေကုန် တိုက်ပွဲ ပြင်းထန်နေရာ ညနေ ၄ နာရီ ဝန်းကျင်က စစ်လေယာဉ်နဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လေယာဉ် တစ်စီးနဲ့ ဗုံး ၄ လုံး လာကြဲသွားတယ်။ ထိခိုက်မှုက အတည်ပြုလို့ မရသေးဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
မနေ့ မနက်ပိုင်း ကတည်းက လွယ်တေးမိန်း တောင်ကြောမှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
“မနက် ၈ နာရီ ကတည်းက ပစ်နေကြတာ ပစ်လိုက်နားလိုက်ပဲ” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက မနေ့က အခြေအနေကို ပြောပါတယ်။
တိုက်ပွဲ ပြင်းထန်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ မူဆယ်၊ နမ့်ခမ်းနဲ့ ဇယ်လန့် ဘုန်းကြီးကျောင်း တွေဘက် ထွက်ပြေးရတယ်လို့ သူက ပြောပါတယ်။
ဩဂုတ်လ ၂၈ ရက်နေ့ကလည်း တနေကုန်နီးပါး တိုက်ပွဲ ပြင်းထန်နေပြီး လွယ်တေးမိန်းတောင်ဘက်ကို စစ်ကောင်စီက လက်နက်ကြီး အများအပြား ပစ်ခတ်ရာ ဘုရားကုန်းက ဘုန်ကြီးကျောင်းထဲ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲကာ ကျောင်းဝင်းထဲက အဆောင် မီးလောင်ပျက်စီးခဲ့ပါတယ်။
TNLA တပ်မဟာ (၁) နယ်မြေဖြစ်တဲ့ နမ့်အွန်၊ ခိုမုန်းရွာ အနီး စစ်ကောင်စီ တပ်မ (၉၉) လက်အောက်ခံ ခလရ (၄၂၁)၊ (၄၂၃)၊ (၅၇၇) စစ်ကြောင်း နဲ့ ရှောက်ဟော်၊ လုံထန်၊ မြို့မ (၁-၂-၃) ပြည်သူ့စစ်တို့ စစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးစစ်ဆင်လာလို့ ဩဂုတ်လ ၂၈ ရက်နေ့ မနက် ၈ နာရီခန့်ကနေ ညနေ ၅ နာရီခွန်ခန့် အထိ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း TNLA သတင်းနဲ့ ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားပါတယ်။
CJ-008
#MeKongNews
#TNLA
#မူဆယ်မြို့နယ်
#လက်နက်ကြီး








