မဲခေါင်၊ ဩဂုတ် ၁၉
ရန်ကုန်-မန္တလေး ရထားလမ်းမှာ မနေ့က ကွန်တိန်နာ ရထားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာဟာ ရထားပေါ်မှာ စစ်လက်နက် ပစ္စည်းတွေ သယ်ဆောင်လာလို့ ဖြစ်တယ်လို့ တောင်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF စစ်ဒေသခွဲ (၂) ပြန်ကြားရေး တာ၀န်ခံ စောဒိုရှင်း က မဲခေါင်သတင်းဌာနကို ပြောဆိုလိုက်ပါတယ်။
အဆိုပါ ရထားဟာ စစ်လက်နက် ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ အတည်ပြုနိုင်ပေမဲ့ စစ်သားတွေ လိုက်ပါလာခြင်း ရှိမရှိကိုတော့ စုံစမ်းဆဲလို့ ဆိုပါတယ်။
မန္တလေးကနေ ရန်ကုန်ကို ဦးတည် မောင်းနှင်လာတဲ့ အဆိုပါ ရထားကို မနေ့က မနက်ပိုင်း ၉ နာရီ၀န်းကျင်က ကျောက်တံခါးမြို့နယ်နဲ့ ဖြူးမြို့နယ် အစပ်မှာ မိုင်းဆွဲ တိုက်ခိုက်ရာ ရထားတွဲ အားလုံးနီးပါး တိမ်းမှောက်ကာ ရထားသံလမ်းပိုင်းတွေ ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီက ယခင်က ထရပ်ကားတွေ အသုံးပြုကာ စစ်ရေးလှုပ်ရှားမှုနဲ့ လက်နက်ခဲယမ်း၊ ရိက္ခာ ထောက်ပံ့မှုတွေ လုပ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စောင့်ကြို တိုက်ခိုက်မှုကြောင့် အခုလို ရထားတွေကို အသုံးပြုလာတာ ဖြစ်တယ်လို့ PDF စစ်ဒေသခွဲ(၂) ပြန်ကြားရေး တာ၀န်ခံက ပြောပါတယ်။
“အရင်က ထရပ်ကားနဲ့ လေကြောင်း သုံးပြီး ပို့ကြတာပေါ့။ ကားနဲ့ကျတော့ ကြားမှာ ခဏခဏ ဖြတ်တိုက်ခံရတာ ရှိတယ်။ လေကြောင်းကျတော့လည်း လေယာဥ် ဆင်းလို့ရမရ ဘာညာက ရှိသေးတော့ နောက်ပိုင်း ရထားပဲ သုံးလာတယ်။ အခုမှတော့ မဟုတ်ပါဘူး။ အာဏာမသိမ်းခင် ကာလ ကတည်းက တိုင်းရင်းသား အဖွဲ့အစည်း တွေကို တိုက်ခိုက်ဖို့ ဒီလမ်းတွေပဲ သုံးခဲ့တာပါ” လို့ သူကရှင်းပြပါတယ်။
စစ်တပ်၀ါဒဖြန့် ချန်နယ်တွေမှာတော့ အဆိုပါ မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့ ရထားဟာ အရပ်ဘက် ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ရထား ဖြစ်တယ်လို့ ၀ါဒဖြန့် ရေးသားနေကြပါတယ်။
MK-007
#MekongNews
#ရန်ကုန်-မန္တလေး
#ကွန်တိန်နာရထား








