မဲခေါင်၊ ဩဂုတ် ၁၇
တော်လှန်ရေး မအောင်မြင်ရင် သားစဉ်မျိုးဆက် ၇ ဆက် ကျွန်လို ရုန်းကန်ရမှာဖြစ်လို့ ကိုယ်ကျိုးအတ္တတွေ ဖယ်ရှားပြီး ကြိုးစားကြရမယ်လို့ ကရင်နီပြည် တပ်မတော်-KA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က သတိပေး ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ကရင်နီပြည် တပ်မတော်-KA (၇၅) နှစ်ပြည့်မှာ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က အဲ့ဒီလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“တော်လှန်ရေး မအောင်မြင်ရင် သားစဉ်မျိုးဆက် ၇ ဆက် ကျွန်ကဲ့သို့ ရုန်းကန်ရမည်ဟု အတတ်ပြောရဲပါသည်။ ထို့ကြောင့် ကိုယ်ကျိုးအတ္တစိတ်တွေ ခေတ္တဥပေက္ခာပြုပြီး တပ်မှူးများမှ ဦးဆောင်လမ်းပြပေးပါရန်နှင့် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြည်နယ်တစ်ခု ဒေသတစ်ခုရဲ့ ကိုယ်စားပြုမှုကို ရလာတာနဲ့အမျှ ဆက်လက် ကြိုးစားရမှာဖြစ်ပြီး ကျဆုံးသွားတဲ့ မိမိသွေးသောက် ရဲဘော်ရဲဘက်ရဲ့ ဝိညာဉ်နဲ့ အသက်ပေးကြတဲ့ ပြည်သူ ပြည်သားများရဲ့ မျက်နှာကို ထောက်ရှူရန်၊ မြို့ပျက် ရွာပျက် အိမ်ပျက် ဘဝပျက်သွားတဲ့ လူထုမျက်နှာကို ကြည့်ကြရန်နဲ့ နိုင်ငံရေး အချောင်သမားများ၊ ဘာသာရေး အချောင်သမားများကို မယုံကြည်ဖို့လည်း ဗိုလ်မှူးချုပ် အောင်မြတ်က ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြည်နယ်တစ်ခု ဒေသတစ်ခုရဲ့ ကိုယ်စားပြုမှုကို ရလာတာနဲ့အမျှ ဆက်လက် ကြိုးစားရမှာဖြစ်ပြီး ကျဆုံးသွားတဲ့ မိမိသွေးသောက် ရဲဘော်ရဲဘက်ရဲ့ ဝိညာဉ်နဲ့ အသက်ပေးကြတဲ့ ပြည်သူ ပြည်သားများရဲ့ မျက်နှာကို ထောက်ရှူရန်၊ မြို့ပျက် ရွာပျက် အိမ်ပျက် ဘဝပျက်သွားတဲ့ လူထုမျက်နှာကို ကြည့်ကြရန်နဲ့ နိုင်ငံရေးအချောင်သမားများ၊ ဘာသာရေး အချောင်သမားများကို မယုံကြည်ရန်လည်း သူက ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးကာလ အတွင်းမှာ သက်ဆိုင်ရာ တပ်ဖွဲ့တွေရဲ့ တပ်မှူး၊ တပ်သား၊ ရဲဘော်တွေ အနေနဲ့ ရန်သူနဲ့ ရန်ငါပြတ်နိုင်ရမယ်လို့လည်း ဗိုလ်မှူးချုပ်အောင်မြတ်ကပြောပါတယ်။
“တော်လှန်ရေး ဆိုသည်မှာ ‘သတ်သင့်သောသူကို သတ်ရမှာပဲ၊ သေသင့်သောသူလည်း သေရမှာပဲ’ ဒါဟာ တော်လှန်ရေး၏ နိယာမ သဘောတရားဖြစ်သည်။ ထို့ကြောင့် ရန်ငါ သိရမည်။ သို့မှသာ ရန်ငါပြတ်နိုင်မှာ တပ်မှူးတွေ မတွေဝေပါနဲ့” လို့ သူကပြောပါတယ်။
KA၊ KNDF ၊ KPDF စတဲ့ တော်လှန်ရေးတပ်ဖွဲ့များဟာ ကြေးစားတပ်များ မဟုတ်တာကြောင့် စည်းကမ်းရှိရမယ်၊ ဥပဒေကို လေးစားရမယ်၊ လူ့အခွင့်အရေးကို လေးစားရမယ်၊ အမိန့်နာခံရမယ်၊ လူထုကို အတတ်နိုင်ဆုံး ကာကွယ်ပေးရမယ်လို့ ဗိုလ်မှူးချုပ်အောင်မြတ် က ပြောပါတယ်။
ကရင်နီပြည်နယ်ဟာ အရွယ်အစား သေးငယ်ပေမယ့် အဆမတန် အင်အားတွေနဲ့ စစ်ဆင်လာတဲ့ ရန်သူတွေကို တပ်ပျက်သွားတဲ့အထိ ခုခံတော်လှန်ခဲ့တာဟာ ဒီနေ့မှ မဟုတ်ဘူးလို့လည်း သူကပြောပါတယ်။
ကရင်နီပြည် တပ်မတော်ကို ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့မှာ လွတ်လပ်သော ကရင်နီ ပြည်ထောင်စု တပ်မတော်-UKSIA အမည်နဲ့ စတင် ဖွဲ့စည်းခဲ့ပေမယ့် နောက်ပိုင်းမှာ ကရင်နီပြည် တပ်မတော်-KA လို့ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။ ကရင်နီခုခံတော်လှန်ရေး နှစ်ဦးပိုင်းမှာ လွိုင်ကော်၊ မော်ချီး၊ ဖယ်ခုံ စတဲ့မြို့တွေကို သိမ်းယူနိုင်ခဲ့ပေမယ့် လက်နက် အင်အား မမျှတာကြောင့် ပြန်လည် လက်လွှတ်ခဲ့ရပါတယ်။
CJ-002
#MeKongNews
#ကရင်နီပြည်တပ်မတော်
#တော်လှန်ရေး
#စစ်ဦးစီးချုပ်








