မဲခေါင်၊ ဩဂုတ် ၇
ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိနဲ့ စက်တော်ကျေးရွာတွေမှာ ၂ လ ကျော်ကြာတဲ့ထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF တပ်ဖွဲ့၀င် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ခေါင်းအိနဲ့ စက်တော်ကျေးရွာတွေမှာ စစ်ကောင်စီ အင်အား အမြောက်အများနဲ့ တပ်ဖြန့် တပ်စွဲထားတာ လနဲ့ချီ ကြာမြင့်နေပြီဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ နေ့စဥ် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ အင်အား ဘယ်လောက်ရှိလဲ ဆိုတာ မသိရပေမဲ့ တပ်ရင်း ၂ ရင်းစာခန့် အနည်းဆုံး ရှိတယ်လို့ ဆိုပြီး လက်နက်ကြီးတွေ၊ လေကြောင်း ပစ်ကူတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုတယ်လို့ KNDF ရဲဘော်က ပြောပါတယ်။
ရှမ်း-ကရင်နီနယ်စပ် ခေါင်းအိနဲ့ စက်တော်ကျေးရွာ တိုက်ပွဲတွေမှာ ပါ၀င်တိုက်ခိုက်နေတဲ့ ရှမ်းတောင် ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု၊ တပ်ခွဲ (၂) Urban Task Force Aung Ban-UTF ကလည်း ရှေ့တန်းမှာ စစ်ကောင်စီနဲ့ နေ့စဥ် တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ အတည်ပြု ပြောပါတယ်။
တိုက်ပွဲကာလ ကြာမြင့်နေပြီဖြစ်ပေမဲ့ UTF အနေနဲ့ ဆက်လက် တိုက်ပွဲ၀င်နေဆဲ ဖြစ်တာကြောင့် ပြည်သူတွေ ဆက်လက် ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
“တိုက်ပွဲကြာနေပေမဲ့ ကျွန်တော်တို့လည်း ဆက်ကြိုးစားနေတာမို့လို့ ပြည်သူတွေ အနေနဲ့ စိတ်အားမလျော့ဘဲ နိုင်တဲ့ဘက်က ဆက်လက်ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်” လို့ UTF ပြန်ကြားရေး တာ၀န်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဇူလိုင်လ တစ်လအတွင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲ ၃၃ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၈၄ ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃ ဦး ၊ လက်နက်ငယ် ၈ လက်နဲ့ ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF က ထုတ်ပြန်ထားပါတယ်။
MK-007
#MekongNews
#ဖယ်ခုံမြို့နယ်
#KNDF
#UTF








