မဲခေါင်၊ ဇူလိုင် ၂၈
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အထွက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ မနေ့က ၀င်ရောက် တိုက်ခိုက်ရာ စစ်သား ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဖားဆောင်းမြို့ အထွက်မှာ တပ်မ (၆၆) နဲ့ တပ်မ (၅၅) က စစ်ကောင်စီတပ်သားတွေ စခန်းချထားတဲ့ နေရာကို ဇူလိုင်လ ၂၇ ရက်၊ မနက်ပိုင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား အများအပြား သေဆုံးတယ်လို့ သူကဆိုပါတယ်။
“ဘယ်လောက်ကျတယ် ဆိုပြီး သတင်းကြားတာက မသေချာသေးလို့ပါ။ ပြီးမှ သက်ဆိုင်ရာ အဖွဲ့တွေက ထုတ်ပြန်ပါလိမ့်မယ်” လို့ သူကရှင်းပြပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ လေကြောင်းက လာရောက် ပစ်ခတ်ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထိခိုက်မှု မရှိဘဲ စစ်ကောင်စီတပ်သားတွေ ကျန်ခဲ့တဲ့ လက်နက်ကြီး၊ လက်နက်ငယ် ကျည်တွေနဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က ဖားဆောင်းမြို့နဲ့ မိုင် ၃၀ ခန့်အကွာ သံလွင်မြစ်အရှေ့ခြမ်း၊ သံလွင် တံတား အနီး တော်လှန်ရေး အင်အားစုတွေ ကာကင်းအဖြစ် ပြုလုပ်ထားတဲ့ ကျောက်ပဲညို နဲ့ ၀မ်အောင်း(ရှမ်း)ကျေးရွာကို စစ်ကောင်စီတပ် အင်အား ၄၀၀ ၀န်းကျင်ခန့်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။
ဇူလိုင်လ ၂၂ ရက်မှာတော့ အဆိုပါ ကျေးရွာ ၂ ရွာနဲ့ ရွှေ့လျား ခံစစ်စခန်း တစ်ခု တော်လှန်ရေး အင်အားစုတွေ လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီက အင်အားထပ်ဖြည့်ပြီး ခန့်မှန်အင်အား ၅၀၀ ၀န်းကျင်နဲ့ ဖားဆောင်းမြို့နယ်ကို ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဖားဆောင်း PDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဇွန်လ အစပိုင်းက စပြီး ရခိုင်ဘက်က တပ်မတွေဖြစ်တဲ့ တပ်မ (၅၅) နဲ့ (၇၇) နဲ့ စစ်ကိုင်းတိုင်းက တပ်မ (၉၉) တို့ကို ကရင်နီပြည်နယ်ထဲ ပို့ဆောင်ခဲ့တာကြောင့် လက်ရှိ ခန့်မှန်း စစ်ကောင်စီတပ်သား ၃,၅၀၀ ထက်မနည်းနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ ကရင်နီ စစ်ရေး သတင်းရင်းမြစ်က သုံးသပ်ပါတယ်။
Mk-007
#Mekongnews
#ဖားဆောင်းမြို့
#တပ်မ(၅၅)
#လက်နက်ခဲယမ်း








