မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်စခန်းတွေက အိုအေစစ်လေးများ

မဲခေါင် 24 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၄ ကရင်နီပြည်နယ် စစ်ဘေးရှောင်စခန်းတွေကြားထဲမှာ ဂစ်တာသံနဲ့ သီချင်းဆိုသံလေးတွေ စီစီညံညံ ထွက်ပေါ် လာတတ်တဲ့ နေရာလေးတွေ ရှိနေတတ်ပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၄

ကရင်နီပြည်နယ် စစ်ဘေးရှောင်စခန်းတွေကြားထဲမှာ ဂစ်တာသံနဲ့ သီချင်းဆိုသံလေးတွေ စီစီညံညံ ထွက်ပေါ် လာတတ်တဲ့ နေရာလေးတွေ ရှိနေတတ်ပါတယ်။

အဆိုပါ နေရာလေးတွေဆီကနေ ဆယ်ကျော်သက်လူငယ် အယောက်လေးငါးဆယ်ရဲ့ သံပြိုင်ကလည်း မလှမ်းမကမ်းအထိကို ကျယ်ကျယ်လွင့်လွင့် ကြားနေရလေ့ရှိတယ်လို့ စစ်ရှောင်တွေက ဆိုကြပါတယ်။

အဲ့ဒီနေရာလေးတွေကတော့ ကရင်နီပြည်နယ်တွင်းမှာရှိတဲ့ ဆယ်ကျော်သက်အရွယ် နေရပ်စွန့်ခွာလာရတဲ့ စစ်ဘေးရှောင် လူငယ်တွေကို လက်မှုပညာတွေ အပါအဝင်၊ ဂစ်တာ၊ ပန်းချီ၊ စက်ချုပ်၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာနဲ့ စိတ်ဝင်စားစရာ ကရင်နီ သမိုင်းကြောင်းတွေကိုပါ သင်ကြားပေးနေတဲ့ ပညာအလင်းဖြန့်ဝေရာ နေရာလေးတွေ ဖြစ်ပါတယ်။

အဲ့ဒီနေရာလေးတွေဟာ ငြိမ်သက်တိတ်ဆိတ်ပြီး အေးချမ်းတဲ့ နေရာတွေတော့ မဟုတ်ပါဘူး။

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ နယ်နိမိတ်ထဲက တော်လှန်ရေး အားအကောင်းဆုံးနဲ့ အရှိန်အမြင့်ဆုံးလို့ ဆိုနိုင်တဲ့ ကရင်နီပြည်နယ်က မြို့နယ်လေးတွေထဲမှာ ရှိနေတာ ဖြစ်ပါတယ်။

လက်နက်ကိုင် တော်လှန်ရေး တိုက်ပွဲတွေ စတင်ချိန်ကတည်းက ကရင်နီပြည်နယ်ဟာ တော်လှန်ရေးမှာ မဆုတ်မနစ် ပါဝင်သူ လူငယ်တွေ များပြားခဲ့တာပါ။

တော်လှန်ရေး အားကောင်းလို့ စစ်ကောင်စီတပ်ကလည်း ကရင်နီပြည်နယ်တွင်းကို ၂၀၂၁ ခုနှစ်၊ မေလက စတင်ပြီး နယ်မြေခံ တပ်ရင်းတွေအပြင် တပ်မ (၆၆)၊ တပ်မ (၉၉)၊ စကခ (၂)၊ စကခ (၇)နဲ့ တပ်မ (၁၀၁) စတဲ့ တပ်မ ၅ ခုနဲ့ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကရင်နီပြည်နယ်တွင်းက ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ့၊ ရှားတော အပါအဝင် ရှမ်းတောင်နဲ့ ကရင်နီနယ်စပ်ဖြစ်တဲ့ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း စတဲ့ မြို့နယ်တွင်းတွေမှာပါ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲ ပြင်းထန်နေပါတယ်။

ISP Myanmar ရဲ့ အချက်အလက်တွေအရ ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၄၁၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တဲ့ ကရင်နီနယ်ထဲမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံ ၃ သိန်းဝန်းကျင်ထိရှိနေပြီး အဲ့ဒီဦးရေဟာ ကရင်နီလူဦးရေရဲ့ လေးပုံသုံးပုံလောက် ရှိနေတာပါ။

ကရင်နီပြည်နယ်တွင်းက လူဦးရေ ၃ သိန်းဝန်းကျင်ဟာ KNDF ထိန်းချုပ် ဧရိယာတွင်းမှာ ရှိနေတယ်လို့လည်း မကြာသေးခင်က ဖွဲ့စည်းခဲ့တဲ့ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ တာဝန်ယူထားသူ ခွန်ဘီထူးက အခုနှစ် မတ်လ ၂၉ ရက်မှာ ပြောခဲ့ပါတယ်။

ခွန်ဘီထူးရဲ့ အဆိုအရ KNDF ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာ ဆေးရုံ ၇ ရုံ၊ စာသင်ကျောင်း ၄၀၀ ကျော်၊ ရဲစခန်း ၉ ခုနဲ့ အဆင့်မြင့် ပညာရေးကျောင်း ၅ ခုဖွင့်လှစ်ထားနိုင်တယ်လို့ သိရပါတယ်။

အဲ့ဒီထဲက ကရင်နီစစ်ရှောင် လူငယ်တွေကို ပညာသင်ကြားပေးနေတဲ့ သင်တန်းကျောင်း တစ်ခုကိုတော့ Karenni Praru လို့ တည်ထောင်သူတွေက နာမည်ပေးထားကြပြီး ကယန်းဘာသာစကားဖြစ်တဲ့ Karenni Praru ရဲ့ အဓိပ္ပါယ်က မြန်မာလို “ကရင်နီလူငယ်များ” လို့ ဆိုလိုတာ ဖြစ်ပါတယ်။

Karenni Praru လိုမျိုး ကရင်နီပြည်နယ်ထဲမှာ စစ်ဘေးရှောင် လူငယ်တွေကို ပညာလိုက်လံ ဖြန့်ဝေပေးနေတဲ့ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေး အဖွဲ့အစည်းတွေနဲ့ ကရင်နီ လူငယ်လေးတွေ စုဝေးတတ်တဲ့ နွေဦးဂုရုလေးများ ပညာရေးစင်တာ၊ Deeku Education Center၊ Htel Phoe Music Learning Center တွေအပါအဝင် ဆယ်သဲကောလိပ်နဲ့ Youth Academy College-YAC အစရှိတဲ့ သင်တန်းကျောင်းနဲ့ အဆင့်မြင့် ပညာ ကျောင်းတွေလည်း ရှိနေပါသေးတယ်။

အဆိုပါ သင်တန်းကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကလေးတွေကို အသက်အရွယ် ကန့်သတ်ထားတာ မရှိဘဲ အသက် ၁၃၊ ၁၄ နှစ်ဝန်းကျင်ကနေ ၂၄၊ ၂၅ နှစ်ဝန်းကျင်ထိ ရှိတယ်လို့ သင်တန်းဆရာတွေက ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ လိုအပ်ချက်တွေကို ကူညီလုပ်ကိုင်ပေးနေတဲ့ လူငယ်အဖွဲ့တွေက လူငယ်အချင်းချင်း ရိုင်းပင်းကြဖို့အတွက် အသက်မွေးပညာလို့ ခေါ်ရမယ့် လက်မှုပညာ အပါအဝင် ဂီတတူရိယာ တီးခတ်တဲ့ သင်တန်းကျောင်းတွေ ဖွင့်ဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ စစ်ရှောင်စခန်းတွေကို သွားတော့ ကလေးအများစုက လမ်းပျောက်ကြတယ်။ အလယ်တန်း အောင်ပြီးသွားတဲ့ ကလေးတွေရဲ့ လိုအပ်ချက်ကို ကျွန်တော်တို့ ပညာရေးပိုင်းဆိုင်ရာကနေ ဘယ်လို ဖြည့်ဆည်းပေးလို့ ရနိုင်မလဲ ဆိုတာ စဉ်းစားရင်းနဲ့ ဒီသင်တန်းကျောင်းလေး လုပ်ဖို့ အတွက် ရည်ရွယ်ဖြစ်သွားတာပေါ့နော်” လို့ Karenni Praru ကျောင်း တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

စစ်ရှောင်စခန်းတွေမှာ နေထိုင်နေရတဲ့ အလယ်တန်းပြီးသွားတဲ့ ဆယ်ကျော်သက်တွေဟာ စစ်ဘေးရှောင်ရတာ ကြာလာလို့ ပညာဆက်သင်လိုတဲ့စိတ်၊ အလုပ်တခုခုလုပ်ချင်တဲ့စိတ်နဲ့ ငွေရှာချင်တဲ့စိတ်တွေ ရှိလာကြတာ ဖြစ်ပါတယ်။

လူငယ်တွေထဲက တချို့ကတော့ တခြား ပြည်နယ်မှာ ရရာအလုပ် သွားရောက်လုပ်ကိုင်တာ၊ အနီးစပ်ဆုံး ထိုင်းနိုင်ငံထဲ သွားပြီး အလုပ်လုပ်ကိုင်တာနဲ့ ကရင်နီပြည်နယ်ထဲက မော်ချီးသတ္တုတွင်းလိုမျိုး နေရာတွေမှာ ခဲသတ္တုတူးတဲ့ အလုပ်တွေ သွားလုပ်ကြလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တချို့လူငယ်တွေကတော့ NUG က စီစဉ်ပေးထားတဲ့ အထက်တန်းပညာတွေ သင်ယူဖို့ စိတ်ကူးကြပေမယ့် နယ်မြေ မတည်ငြိမ်မှု အပါအဝင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာတွေကြောင့် အွန်လိုင်း ပညာသင်ကို လက်လျှော့ကြဖို့ တွေးဖြစ်ကြတယ်လို့ စစ်ရှောင်လူငယ် ကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ ကရင်နီပြည်နယ် မြို့တော် လွိုင်ကော်မြို့ အပါအဝင် အခြားမြို့တွေမှာပါ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်မှုတွေ စတင် ဖြစ်ပွားခဲ့တာပါ။

၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်ထိ ကရင်နီပြည်နယ်အတွင်းမှာ ဖုန်းလိုင်းပြတ်တောက်မှု မကြာခဏ ဖြစ်ပွားခဲ့ပြီး အခုနှစ် ဇွန်လ ၂၇ ရက်နေ့ည ၁၀ နာရီ နောက်ပိုင်းကစပြီး ကရင်နီ ဒေသ အများစုမှာ MPT နဲ့ Mytel ဖုန်းလိုင်းတွေသာ ဆက်သွယ် အသုံးပြုလို့ရတော့တာ ဖြစ်ပါတယ်။

KNDF နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေတဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ့ ဒေသတွေ မှာတော့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းကို တောင်ထိပ်တွေတက်ပြီး အသုံးပြုနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားတဲ့ ကရင်နီကို မြေပြင် စစ်ကြောင်းသာမက လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ လေကြောင်းသုံး တိုက်ခိုက်မှုတွေကို နေ့စဉ်ရက်ဆက် ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ တစ်လတာ အတွင်းမှာ လွိုင်ကော်၊ ဒီးမော့ဆို၊ မယ်စဲ့၊ ဖားဆောင်းနဲ့ ရွာသစ်မြို့တွေမှာ စစ်တပ်နဲ့ KNDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အပြင် စစ်ကောင်စီတပ်တွေက မိုးဗြဲမြို့နယ်ထဲကို အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် KNDF ဘက်က ခုခံတိုက်ခိုက်ခဲ့ရတယ်လို့ သိရပါတယ်။

အခုလို နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီမှာ ၂၀၂၃ နှစ်စကနေ ဇွန်လကုန်ထိ တိုက်ပွဲပေါင်း ၁၈၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၃၄၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု PKPF က ထုတ်ပြန်ထားပါတယ်။

ကရင်နီတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရပ်သားပြည်သူ သေဆုံးမှုတွေ ရှိနေပြီး စစ်ဘေးရှောင်ရင်း သေဆုံးခဲ့ရတဲ့ ပြည်သူ ၁၃၆ ဦးထက်မနည်းရှိနေရာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူတွေ အများဆုံး ဖြစ်တယ်လို့ PKPF က ဆိုထားပါတယ်။

နေ့စဉ်ကြားနေရတဲ့ လက်နက်ကြီးသံ၊ လေယာဉ်ဗုံးကြဲတဲ့သံတွေကြားမှာ ပညာသင်ကြားနေရတဲ့ လူငယ်တွေအဖို့ တော်လှန်ရေး ကာလ တစ်လျှောက် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး အစစအရာရာ ဆုံးရှုံးမှုများစွာနဲ့ ကြုံတွေ့နေရတာပါ။

စစ်ရှောင်လူငယ်တွေထဲမှာ မိသားစုဝင်တွေကိုပါ ဆုံးရှုံးခဲ့ရသူတွေ ရှိနေတာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီး ရှိနေကြတယ်လို့လည်း စစ်ရှောင်ကူညီပေးနေသူတွေက ပြောပြပါတယ်။

လူငယ်တွေဟာ စစ်ရှောင်စခန်းက သင်တန်းကျောင်းတွေမှာ သင်ကြားပေးလေ့ရှိတဲ့ လက်မှုပညာသင်တန်းနဲ့ ဂီတတူရိယာ တီးခတ်နည်း သင်တန်းတွေကို စိတ်ဖြေလျှော့ဖို့အတွက် ဂရုတစိုက် သင်ယူကြတယ်လို့ ဆိုပါတယ်။

ဂစ်တာ တီးခတ်ရင်း သီချင်းတွေ အများကြီး အော်ဆိုကြကာ ခဏတာ မေ့မေ့ပျောက်ပျောက် နေကြတာတွေလည်း ရှိတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပြပါတယ်။

“သူတို့က သင်တန်းကျောင်းကို လာတဲ့အချိန်မှာ ပညာသင်ယူတာအပြင် သူတို့ရဲ့ လက်တွေ့ဘဝမှာ ဖြစ်နေတဲ့ စိတ်ဖိစီးမှုတွေ စိတ်ရှုပ်စရာတွေ အဲ့ဒါတွေကနေ ခဏတာ ရုန်းထွက်ဖို့လည်း ကြိုးစားကြတယ်လို့ မြင်ပါတယ်” လို့ သင်တန်းဆရာ လူငယ်တစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ဆယ်ကျော်သက် လူငယ် ကျောင်းသား အများစုဟာ ကွန်ပျူတာ သင်တန်းကို ပိုစိတ်ဝင်စားကြပြီး ကိုယ်တိုင် ကွန်ပျူတာကိုင်သုံးရတဲ့ စာသင်ချိန်တွေနဲ့ ပါဝါပွိုင့်ပြင်ရတဲ့ သင်ခန်းစာတွေကို စိတ်ပါလက်ပါ လိုက်လုပ်ကြတယ်လို့ သိရပါတယ်။

တချို့လူငယ်တွေကတော့ အခြေခံ ကွန်ပျူတာ သင်တန်းတက်ပြီးတဲ့အပြင် ကွန်ပျူတာနဲ့ ဓာတ်ပုံပြင် သင်တန်း၊ ဂီတဆိုင်ရာ တည်းဖြတ် သင်တန်းတွေကို ဆက်တက်ချင်စိတ်ရှိတယ်လို့ သင်တန်း စီစဥ်သူတွေက ဆိုပါတယ်။

အာဏာမသိမ်းခင် ကာလ ကတည်းက အစိုးရသင်ရိုး ပညာရေးကိုသာ အဓိက အားပေးခဲ့ကြတဲ့ ကရင်နီ လူမှု အသိုင်းအဝိုင်း အတွက် အခုလိုကာလမှာ ပညာရေး နည်းလမ်း အသစ်တွေ ဖြန့်ဝေပေးနိုင်တာကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပြီး အဲ့ဒီအတွက်လည်း ကျေနပ်အားရတယ်လို့ ကရင်နီ လူငယ် အသိုင်းအဝိုင်းက ဆိုပါတယ်။

အခုလို စစ်ရှောင်လူငယ်တွေအတွက် ပညာတွေ ဖြန့်ဝေပေးနေတဲ့ သင်တန်းကျောင်းတွေကို ပြည်တွင်းပြည်ပက အလှူရှင်တွေ အပါအဝင် ရန်ပုံငွေရှာဖွေရေး အဖွဲ့အစည်းတွေနဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေနဲ့ လည်ပတ်နေရတာ ဖြစ်ပါတယ်။

စစ်ရှောင်ကူညီရေးအဖွဲ့ တချို့ကတော့ NUG ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကို စစ်ရှောင်တွေရဲ့ အခြေအနေကို တင်ပြပြီးတော့ ရန်ပုံငွေရယူတာနဲ့ ကရင်နီပြည်နယ်တွင်းက KSCC အစရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဌာနတွေက တဆင့် နိုင်ငံတကာ ထောက်ပံ့မှုတွေ ရနေတယ်လို့ ပြောပါတယ်။

ကရင်နီစစ်ရှောင် ကူညီသူတွေ အတွက် စစ်တပ်က ပေးတဲ့ အလှူငွေနဲ့ ကူညီထောက်ပံ့မှုမျိုးကို လက်ခံလေ့ မရှိပါဘူး။

“INGO အဖွဲ့အစည်းတွေဆိုရင် ကျွန်တော်တို့ အနေနဲ့ ၂ မျိုးခွဲထားတယ်။ စစ်တပ်နဲ့ MOU ထိုးထားတာတွေဆိုရင် လုံးဝ အကူအညီမယူဘူး။ စစ်တပ်နဲ့ ငွေကြေးဖြတ်စီးဆင်းလာမယ်ဆို ကျွန်တော်တို့ မယူဘူး။ ကျွန်တော်တို့ တိုက်ရိုက် လာထောက်ပံ့ပေးနိုင်မယ့် အကူအညီကိုပဲယူတယ်။ စစ်တပ်က ဖြတ်လာတဲ့ ငွေကြေးကိုယူရင် စစ်တပ်က ဒီပုံရိပ်တွေက သူတို့ကို အကျိုးပြုသလို ဖြစ်တဲ့အတွက် MOU မထိုးထားတဲ့ အဖွဲ့တွေနဲ့ပဲ ချိတ်ဆက်ပါတယ်” လို့ Freelance Volunteer Myanmar အဖွဲ့ တာဝန်ခံက ပြောပြပါတယ်။

စစ်ကောင်စီဘက်ကလည်း ကရင်နီပြည်နယ်တွင်းမှာ ထိန်းချုပ်နယ်မြေ ပိုပြီးရရှိဖို့အတွက် မြေပြင်ရော လေကြောင်းနဲ့ပါ အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင်နေသလို တဖက်မှာလည်း ပြည်နယ်တွင်းကို ကုန်စည် ဝင်ရောက်နိုင်မယ့် လမ်းကြောင်းတွေ ပိတ်ဆို့တာ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ အကူအညီပေးမှုကို ကန့်သတ်ထားတာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီ အနေနဲ့ လွိုင်ကော်၊ ဖယ်ခုံနဲ့ ဘောလခဲမြို့ပေါ် ဧရိယာ တချို့မှာသာ ကျောင်းပေါင်း ၂၀ ဝန်းကျင် ဖွင့်လှစ်ထားပြီး စစ်တပ် အသိုင်းအဝိုင်းက ကျောင်းသားတွေ အပါအဝင် မြို့ပေါ်နေ ကျောင်းသား တချို့သာ ဒီကျောင်းတွေမှာ တက်ရောက်နေတယ်လို့ သိရပါတယ်။

သို့သော်လည်း ဇွန်လအတွင်းကစပြီး ပြင်းထန်လာတဲ့ ဒေသတွင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်ဧရိယာက စာသင်ကျောင်းတွေ အပါအဝင် မြို့ပေါ်က ကျောင်းတချို့ကို ပိတ်ထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ရှောင် ဧရိယာတွင်းမှာရှိတဲ့ စာသင်ကျောင်း တချို့ကတော့ စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဗုံးကြဲဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့ရတာတွေလည်း ရှိနေပါတယ်။

ကရင်နီ စစ်ရှောင်ပြည်သူတွေ အတွက် အခုလို လုံခြုံရေး ခြိမ်းခြောက်မှုတွေအပြင် စားဝတ်နေရေး၊ ကျန်းမာရေး အပါအဝင် ဆက်လက်ရှင်သန်ဖို့အတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေနဲ့ ပညာရေးဆိုင်ရာ ထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေက သုံးသပ်ပါတယ်။

ဆယ်ကျော်သက် စစ်ဘေးရှောင် လူငယ်တွေ အတွက် ဆိုရင်လည်း လုပ်အား စိုက်ထုတ်ရတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပညာရပ်ပိုင်းဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း လိုအပ်နေတာပါ။

စစ်ရှောင်စခန်းက သင်တန်းကျောင်းတွေမှာ ပညာသင်ကြားပြီးတဲ့ ကျောင်းသား လူငယ်တွေကလည်း ကျောင်းမှာ ကွန်ပျူတာ ပြန်သင်ပေးတာ၊ အင်္ဂလိပ်စာ ဆရာအဖြစ် အလုပ်ပြန်ဝင်တာ၊ ဘာသာပြန် အလုပ်တွေ လုပ်ကိုင်တာ စတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ဝင်ငွေရှာဖွေနိုင်သူတွေ ရှိလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီ လက်အောက် မဟုတ်တဲ့ သင်တန်းကျောင်းတွေမှာ အဆင့်ပိုမြင့်တဲ့ ပညာသင်ယူနိုင်တဲ့ ပညာရေး အခွင့်အလမ်းတွေကို ပြန်လည် ရရှိတယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း သင်တန်းကျောင်းတွေကို ဆက်ပြီး တိုးချဲ့သွားဖို့ လူငယ်တွေက ဆန္ဒရှိနေကြပြီး အခုထက် ပိုအဆင့်မြင့်တဲ့ တူရိယာ တီးခတ်နည်းတွေ သင်ပေးဖို့နဲ့ လူမှုသိပ္ပံ ပညာရပ်တွေ အပါအဝင် အခြား လူမှုရေးနဲ့ ဆိုင်တဲ့ ဘာသာရပ်တွေကိုလည်း ထည့်သွင်းသင်ကြားဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

ဆက်ပြီးတော့ ကရင်နီပြည်နယ်အတွက် လိုအပ်နေတဲ့ သုတေသနဆိုင်ရာ လုပ်ငန်းတွေမှာ အဖွဲ့အစည်း ထူထောင်ဖို့ ကြိုးစားပြီး ပြည်နယ်တွင်း သုတေသန လုပ်နိုင်မယ့် လိုအပ်ချက်တွေကို လူငယ် အဖွဲ့အစည်းတွေကြား ဆွေးနွေး အဖြေရှာနေတယ်လို့ သိရပါတယ်။

“အခုဆိုရင် ကရင်နီမှာ လေယာဉ်သံတွေ ဗုံးသံတွေကြားထဲကနေပြီးတော့ ၁၄ နှစ်အရွယ် ကလေးတွေက ပညာရေးကို မရရတဲ့နည်းနဲ့ ရအောင်ကြိုးစားနေကြတယ်။ အဲ့ဒီလို ကြိုးစားနေတဲ့ဟာတွေကို ကြည့်ခြင်းအားဖြင့် စစ်ကျွန်ပညာရေး တစ်ခုတည်းက စစ်တပ်ကျောင်းမှ မတက်လို့ရှိရင် တက်စရာကျောင်း မရှိတော့ဘူးဆိုတဲ့ ဟာက လုံးဝ မဟုတ်ဘူး။ ပညာရေးဆိုတာ လုံးဝ ဘောင်ကန့်မထားဘူး။ ဘယ်နေရာကနေဖြစ်ဖြစ် သင်ယူလို့ရတယ်။ အဲ့ဒီဥစ္စာကို ကျွန်တော်ကျန်တဲ့သူတွေကို မက်ဆေ့အနေနဲ့ ပေးချင်တယ်” လို့ ကရင်နီ စစ်ဘေးရှောင်စခန်းမှာရှိတဲ့ CDM တက္ကသိုလ် ကျောင်းသား တစ်ယောက်က သတင်းစကားပါးပါတယ်။

MK-009

#MekongNews

#ကရင်နီစစ်ဘေးရှောင်စခန်း

#အိုအေစစ်

#Freelance_Volunteer_Myanmar

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now