မဲခေါင်၊ ဇူလိုင် ၁၆
လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ PDF က ဗုံးခွဲတိုက်ခိုက်တဲ့အပေါ် အနီးနားရှိမသက်ဆိုင်တဲ့ မိသားစုဝင် ၇ ယောက်ကို စစ်ကောင်စီကဖမ်းဆီးလိုက်တယ်လို့ ဒေသခံတော်လှန်ရေး ရွှေတန်းမြေ PDF အဖွဲ့က ပြောပါတယ်။
ပဲခူတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့ လုံခြုံရေးဘယ်ရီဂိတ်ကို ဇူလိုင် ၁၃ ရက်၊ ည ၉ နာရီခန့်က ဗုံးခွဲလိုက်ကြောင်းကို ရွှေတန်းမြေ PDF အဖွဲ့က မိမိတို့လက်ချက်ဖြစ်ကြောင်း အဲ့နေ့ညမှာပဲ တရားဝင် သတင်းထုတ်ပြန်ခဲ့တာပါ။
“အဲဒီဖြစ်စဉ်မတိုင်ခင် ဇူလိုင် ၇ ရက်နေ့ညမှာ စာတိုက်ရုံးကို ကျွန်တော်တို့ဗုံးခွဲခဲ့တယ်။ ပြီးတော့ ၁၃ ရက်နေ့ ညမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးရူံးရှေ့ကို ထပ်ခွဲခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒါကို ဘာမှမဆိုင်တဲ့ပြည်သူတွေကို မတရားဖမ်းတာ” လို့ ရွှေတန်းမြေ PDF အဖွဲ့ဝင်ရဲဘော်တစ်ယောက်က ပြောပါတယ်။
လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့ဗုံးခွဲမှုအပြီး ည ၁၀ နာရီခွဲအချိန်မှာ မြို့မရပ်ကွက်၊ ၂ လမ်းမှာနေထိုင်တဲ့ ဒေါ်ညိုညိုနဲ့ သား ၃ ယောက်ဖြစ်ကြတဲ့ ကိုကျော်သီဟ၊ ကိုဖြိုးသီဟ၊ ကိုမျိုးသီဟနဲ့ သမက်ဖြစ်သူ ကိုစန်းမင်း၊ ကိုဖြိုးကိုကိုတို့အပြင် မြို့မရပ်ကွက် သာသနာ့ရိပ်သာလမ်းနေ ကိုသက်မင်းထိုက်တို့ စုစုပေါင်း ၇ ယောက်ကို ဖမ်းဆီးခဲ့တာလို့ ရွှေတန်းမြေ PDF အဖွဲ့ဆီက သိရပါတယ်။
“ဖောက်ခွဲမှုမှာတော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးဗျာ” လို့ ရွှေတန်းမြေ PDF ရဲဘော်က ဆက်ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲက ကိုသက်မင်းထိုက်မှာ အရင်က ဆန္ဒပြမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(က)နဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချမှုမှ ပြန်လွှတ်မြောက်လာသူလို့ သိရပါတယ်။
CJ – 005
#MeKongNews
#ဗုံးခွဲ
#လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး
#ရွှေတန်းမြေPDF








