မဲခေါင်၊ ဇူလိုင် ၉
ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ-RCSS က စစ်သားသစ် စုဆောင်းတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးခဲ့ရတဲ့ ကျေးရွာ ၂ ရွာကို RCSS က ဒုတိယအကြိမ် တပ်သားသစ် ထပ်မံ တောင်းနေတယ်လို့ ကဒူးကြီး ဒေသခံတွေက ဒီကနေ့ ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၊ မုဲင်းတစေး နဲ့ ပုံးစုတ်ကျေးရွာ ၂ ရွာမှာ ၁၀ အိမ် တစ်ယောက်နှုန်းနဲ့ တပ်သားသစ် ပေးရမယ်ဆိုပြီး RCSS တပ်ဖွဲ့က ဇူလိုင်လ ၅ ရက်နေ့မှာ အကြောင်းကြားလာတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခု ၁၀ အိမ်ကို တစ်ယောက်နှုန်း သူတို့ကို တပ်သားသစ် ပေးရမယ်လို့ တောင်းတယ်၊ မပေးရင် မင်းတို့ရွာ ဘာဖြစ်ဖြစ် အာမမခံဘူးတဲ့။ အရင်တစ်ခေါက်ကလည်း အဲ့လို စစ်သားစုဆောင်းလို့ ကျွန်တော်တို့ တစ်ခါ ပြေးခဲ့ရပြီ။ အခုလည်း ပြေးချင်ရင် တစ်ခါ လေးငါးအိမ်ပဲပြေး၊ အရင်တစ်ခေါက်လိုမျိုး တစ်ခါတည်း အကုန်လုံး မပြေးနဲ့၊ သူတို့ နာမည်ပျက်တယ်တဲ့” လို့ ကဒူးကြီး ဒေသခံ တစ်ဦးက ပြောပါတယ်။
အခုလို RCSS က တပ်သားသစ် တောင်းတာကြောင့် ငွကြေးတတ်နိုင်တဲ့သူ တစ်ချို့ ဆီဆိုင်မြို့နယ်ဘက်ကို တိမ်းရှောင်ဖို့ ပြင်ဆင်နေတယ်လို့ နောက်ထပ် ကဒူးကြီး ဒေသခံ တစ်ဦးက ပြောပါတယ်။
အဲ့ဒီ ကျေးရွာ ၂ ရွာဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ RCSS တပ်သားသစ် စုဆောင်းတာကြောင့် ကဒူးကြီးဒေသ နားဟီးကျေးရွာဖက်ကို ရွာလုံးကျွတ် ထွက်ပြေးခဲ့ဖူးပါတယ်။
အဲ့ဒီလို လူထုတွေ ထွက်ပြေးရတာကြောင့် အဲ့ဒီဒေသမှာလှုပ်ရှားနေတဲ့ PNLO နဲ့ RCSS ၂ ဖွဲ့ ဆွေးနွေးပြီးနောက် ကျေးရွာနေ လူထု လုံလုံခြုံခြုံနဲ့ အေးချမ်းစွာ နေထိုင်ရေး အာမခံချက် ပေးတယ်လို့ ၂ ဖွဲ့ ဥက္ကဋ္ဌတွေ လက်မှတ်ထိုး ထုတ်ပြန်ခဲ့ပါတယ်။
RCSS ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ လူထုတွေကို တပ်သားသစ် မစုဆောင်းတော့ဘဲ စေတနာအရ တာဝန်ထမ်းဆောင်သူတွေ ကိုသာ လက်ခံမယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် အခု မြေပြင်မှာတော့ RCSS က တပ်သားသစ် စုဆောင်းဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။
“အရင်တုန်းက သူတို့လူစုတာ သွားရတဲ့လူတွေရှိတယ်။ ခေါ်သွားတုန်းက ၅ နှစ်လို့ပြောပြီး ၁၁ နှစ်ကြာမှ ပြန်ခွင့်ရတဲ့ လူလည်းရှိတယ်။ ရွာသားတွေ အနေနဲ့က အေးအေးချမ်းချမ်းပဲ လုပ်ကိုင်စားသောက်ချင်တယ်ဗျ။ လက်နက်ကိုင်ပြီး လူထုကို အနိုင်ကျင့်တာ မကြုံချင်တော့ဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ပုံးစုတ် နဲ့ မုဲင်းတစေးကျေးရွာဟာ ကဒူးကြီးဒေသမှာရှိပြီး ပအိုဝ်း တိုင်းရင်းသားတွေသာ နေထိုင်တာကြောင့် ရှမ်းတပ်ဖြစ်တဲ့ RCSS အနေနဲ့ စစ်သား စုဆောင်းမှု မပြုလုပ်သင့်ဘူးလို့ ပအိုဝ်း လူငယ် ခွန်ရိန်းဟန် ကပြောပါတယ်။
“သဘောတူညီချက်တွေ ထုတ်ပြန်ချက်တွေကို ပြန်လည် ချိုးဖောက်လိုက်တာလား မေးစရာ ရှိပါတယ်။ နိုင်ငံရေး အမြတ်ရဖို့ ထုတ်ပြန်ချက်မှာ စကားလှအောင်ရေးပြီး လက်တွေ့မြေပြင်မှာ ပြည်သူတွေကို နှိပ်စက်နေတဲ့ လုပ်ရပ်တွေကို အပြင်းအထန် ရှုတ်ချတယ်” လို့ သူကပြောပါတယ်။
အခု တပ်သားသစ် စုဆောင်းမှုကို မောက်မယ်မြို့နယ်အတွင်း လှုပ်ရှားနေတဲ့ RCSS ရဲ့ တပ်မဟာမှူး စိုင်းယွက်ဖ အမိန့်နဲ့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲ့ဒီကျေးရွာတွေမှာ တပ်သားသစ် စုဆောင်းတာနဲ့ ပတ်သက်ပြီး RCSS ရဲ့ ပြောေ ရးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းအွမ်ခေး ကို ဆက်သွယ် ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။
ပုံစာ- ၂၀၁၇ ခုနှစ် RCSS တပ်သားသစ် တောင်းလို့ ပုံးစုတ်ရွာနဲ့ မုဲင်းတစေးရွာမှ ဒေသခံများ နားဟီး ဘက် ထွက်ပြေးစဉ်။ ၂၀၁၇ ခုနှစ် PNLO နဲ့ RCSS ဥက္ကဌတို့ရဲ့ ပူးတွဲ ထုတ်ပြန်ချက်။
CJ-002
#MeKongNews
#RCSS
#မောက်မယ်မြို့နယ်
#စစ်သားသစ်စုဆောင်း








