မဲခေါင်၊ ဇူလိုင် ၁၂
KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီး နမ်ဆန်ယန်ဘက် အင်အားဖြည့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ နဲ့ KIA တို့အကြား မလန်းယန်ရွာ အနီး ဒီနေ့ ဇူလိုင် ၁၂ ရက် မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မလန်းယန်မှာ တိုက်ပွဲဖြစ်နေတယ်၊ ဒီမနက် ၉ နာရီ ဝန်းကျင်က အကြီးအကျယ် တိုက်ပွဲဖြစ်တယ်။ မနေ့က မဒီးယန်၊ ဟိုအောက်ဘက် ဖြစ်တာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“မြစ်ကြီးနား – ဗန်းမော် ကားလမ်းမကြီးပေါ်ရှိ ဂျာပူရွာအနီး မလန်ဇွပ် တကြော KIA နဲ့ စစ်ကောင်စီ အပြင်းအထန် တိုက်ပွဲ ဖြစ်နေတယ်” လို့ နောက်ထပ် ဒေသခံတစ်ဦး က ပြောပါတယ်။
အင်အား ၂၀၀ ကျော်ခန့်ရှိ စစ်ကောင်စီအဖွဲ့ နမ်ဆန်ယန်ဘက် အင်အားဖြည့် စစ်ကြောင်းထိုးလာတာမှာ KIA ဘက်က ဒဘတ်ယန်ရွာ နဲ့ မလန်းယန်ရွာကြားရှိ ဆမားလမ်းခွဲတွင် ကြားဖြတ်တိုက်ခိုက်ရာက တိုက်ပွဲ ပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။
ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းမှာ လိုင်ဇာဌာနချုပ်အနီးက မဒီးယန် နဲ့ ခါ့လားယန် ကြားမှာ နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်တွေ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ခဲ့တဲ့အပြင် ညနေပိုင်း ၄ နာရီခွဲကျော်မှာ နမ်ဆန်ယန်ဘက် ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းအတွက် လက်နက်ပစ္စည်းနဲ့ ရိက္ခာ တင်ဆောင်လာတဲ့ ၁၂ ဘီးကားကို KIA တပ်ရင်း ၂၅ က နွမ်လန်းနဲ့ ဝူထန်ယန် ကြား ပန်ဆတ်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း KIA ရှေ့တန်း နဲ့ နီးစပ်သူ သတင်းရင်းမြစ် ၁ ဦး က ပြောပါတယ်။
“၈ ရက်နေ့ည ၉ နာရီ ခန့်က နမ်ဆန်ယန်နဲ့ မဒီးယန်ကြား ဂျက်ဖိုက်တာ ဗုံးလာကျဲတာ လေးလုံ စစ်ကောင်စီတပ်မှာ တည့်တည့် ကျသွားလို့ သူတို့အချင်းချင်း ဗုံးကျဲသလို ဖြစ်သွားတာ” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကစ နမ်ဆန်ယန်အနီးမှာ စစ်ကောင်စီနဲ့ KIA တို့အကြား တိုက်ပွဲနေ့တိုင်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗန်းမော်ဘက် နဲ့ မြစ်ကြီးနားတို့ဘက်က အဆက်မပြတ် အင်အားဖြည့် ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။
CJ-008
#MeKongNews
#KIA
#စစ်ကောင်စီ
#လိုင်ဇာ
#ဋ္ဌာနချုပ်








