မဲခေါင်၊ ဇူလိုင် ၇
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်း၊ တောင်ပေါ်ဒေသ ကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျေးရွာ ကာကွယ်ရေး အတွက် သေနတ်ဝယ်ဖို့ဆိုပြီး တစ်အိမ် ကျပ် ၅ သောင်း အဓမ္မ ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
PNO ပြည်သူ့စစ်မှ ဗိုလ်မှူးချစ်အိန် ဆိုသူက ဇူလိုင်လ ၅ ရက်နေ့မှာ အခုလို ငွေကောက်ဖို့ အမိန့်ပေးခဲ့တာဖြစ်ပြီး ရငွေကို ကျေးရွာ အတွက် တစ်ရွာ သေနတ် တစ်လက် ဝယ်ပေးမယ်လို့ ပြောဆိုကြောင်း ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
“အရင်တစ်ခေါက်ကလည်း သူတို့တောင်းပြီးပြီ။ အခုထပ်တောင်းလာတာ။ ပြီးခဲ့တဲ့ ၂ ရက်က ထပ်တောင်းတာ။ အဲ့ဒါ ချက်ချင်းထည့်ပေးရမယ်တဲ့။ ရတဲ့ငွေတွေကို သူက ရွာအတွက် သေနတ်တစ်လက် ပြန်ဝယ်ပေးမယ်တဲ့။ ပြီးတော့ ကျေးရွာ ကာကွယ်ဖို့ အတွက် ၅ သောင်းလေးပဲ ထည့်ရမှာကို၊ ဒီလောက်တောင် စေတနာ မရှိဘူးလား အခု မဖြစ်မနေ ချက်ချင်းထည့်ရမယ်ဆိုပြီး ဗိုလ်မှူးချစ်အိန်က ခြိမ်းခြောက်သွားသေးတယ်ဗျ” လို့ ဆီဆိုင်မြို့နယ်နေ ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။
PNO က ငွေကောက်ခံတဲ့ ကျေးရွာတွေဟာ ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်း တောင်ပေါ်ဒေသ ဖြစ်တဲ့ ထမ်းယံ၊ ပင်အွန်း၊ လွယ်ဆောင် စတဲ့ ကျေးရွာတွေဖြစ်ပြီး အဲ့ဒီကျေးရွာတွေမှာ အိမ်ခြေ ၂၀၀ ကနေ ၄၀၀ အထိရှိတယ်လို့ ဆိုတယ်။
PNO ပြည်သူ့စစ်က အခုလို ငွေကောက်တာဟာ လုပ်စားဖို့ သက်သက်သာဖြစ်ပြီး ကျေးရွာကာကွယ်ရေးနဲ့ မသက်ဆိုင်ဘူးလို့ လူငယ်တွေက ပြောဆို ကန့်ကွက်နေတယ်လို့ ဒေသခံတွေက ပြောတယ်။
“အဲ့ဒီလို ကောက်တာ ငွေက သိန်းထောင်ချီ ရမှာလေ။ ပြီးရင် သူက သေနတ်အစုတ် တစ်လက်လောက် ရွာကို ပြန်ပေးမှာလေ၊ လုပ်ကွက်တွေက ရွာသားတွေကို ဂျင်းထည့်ပြီး လိမ်စားဖို့ လုပ်နေတာ။ ပြီးတော့ ကာကွယ်ရေးလို့ ဆိုရအောင်လည်း ဒေသကို ကာကွယ်ဖို့က လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေရဲ့ တာဝန်လေ။ သေနတ်စုတ် တစ်လက်နဲ့ ရွာသားတွေကို ကာကွယ်ရေး ပြန်လုပ်ခိုင်းတာက သေခိုင်းတာနဲ့ အတူတူပဲ” လို့ ပအိုဝ်း လူငယ်တစ်ဦးက ပြောပါတယ်။
အခုလို သေနတ်ဝယ်ယူဖို့ ငွေကြေး ကောက်ခံနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး PNO ပြည်သူ့စစ် ကွပ်ကဲရေးမှူး ခွန်မြင့်အောင် ကို ဆက်သွယ် မေးမြန်းပေမယ့် ပြန်လည် ဖြေကြားမှု မရှိပါဘူး။
စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်ရဲ့ ဖွဲ့စည်းပုံအရ ဆီဆိုင်မြို့နယ်ကို သူရိယတိုင်း လို့ နာမည် ပေးထားပြီး ဗိုလ်မှူးချစ်အိန် ဟာ သူရိယတိုင်းရဲ့ ဒုတိယ တိုင်းမှူး ဖြစ်ပါတယ်။
ဒါ့အပြင် PNO ဗိုလ်မှူးခွန်ချစ်အိန် ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့က ပင်လောင်းမြို့နယ်မှာ ပြုလုပ်တဲ့ သိုင်းသင်တန်းဆင်းပွဲ တစ်ခုမှာ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဟာ ပအိုဝ်းလူမျိုးတွေရဲ့ ရန်သူ ဖြစ်တယ်လို့ ပြောဆိုခဲ့သူ ဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်ဟာ ပအိုဝ်းဒေသမှာ အကြောင်းအမျိုးမျိုးပြ ငွေတောင်းစားနေပြီး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
ပုံစာ- စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် ဒုတိုင်းမှူး ဗိုလ်မှူးချစ်အိန်။
CJ-002
#MeKongNews
#ဆီဆိုင်မြို့နယ်
#PNO
#သူရိယတိုင်း








