မဲခေါင်၊ ဇူလိုင် ၃
ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ကို စစ်တပ်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ မဲခေါင်သတင်းဌာနရဲ့ သတင်းရင်းမြစ်တွေက ဒီကနေ့ အတည်ပြု ပြောပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က စပြီး မိုးဗြဲမြို့ပေါ်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် အဆက်အသွယ်တွေ ပြတ်တောက်ကာ သတင်းစီးဆင်းမှု အားနည်းနေတယ်လို့ မိုးဗြဲ PDF နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီက တစ်အိမ်တက်ဆင်း ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပြီး မြို့ထဲဝင်ဖို့ မလွယ်ကူဘူးလို့ သူကဆိုပါတယ်။
တိုက်ပွဲ သတင်းတွေ မတက်တာကြောင့် မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲတွေ ငြိမ်သွားပြီလို့ စစ်ရှောင်ပြည်သူတွေ ထင်မှတ်နေကြတယ်လို့ စစ်ရှောင် ကူညီနေသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
“ညီမတို့လည်း ဖြစ်နေတယ်လို့ပဲ ကြားတာ။ ဒါပေမဲ့ အခြေအနေတွေက မတိကျဘူး။ ပြည်သူတွေကတော့ သတင်းတွေ သိပ်မတက်တော့ ပြန်ငြိမ်သွားပြီလို့ ထင်နေတာ။ နားလည်အောင်တော့ ရှင်းပြထားပါတယ်။ ဒါပေမဲ့ ရိက္ခာ လိုအပ်ချက် ရှိနေတော့ တချို့ ပြည်သူတွေက မြို့ထဲထိသွားပြီး အသက်ရင်းပြီး ရိက္ခာ ပြန်ယူကြတာလည်း ရှိတယ်” လို့ သူကပြောပါတယ်။
လက်ရှိ မိုးဗြဲမြို့ သာမက ကရင်နီပြည်နယ် ဒေသ အများစုကို စစ်ကောင်စီက အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် သတင်းစီးဆင်းမှု အားနည်းနေတယ်လို့ လွိုင်ကော် PDF နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
အခုလို အခြေအနေမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ လုံခြုံတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ရှိပေမဲ့ ပြည်သူတွေ ဘေးကင်းရေး အတွက် သတင်းအချက်အလက်တွေ မျှဝေဖို့ ခက်ခဲနေတာကြောင့် ပြည်သူတွေ အနေနဲ့ အန္တရာယ်များတဲ့ အခြေအနေ ကြုံတွေ့နေရပြီလို့ သူကသုံးသပ်ပါတယ်။
MK-007
#MekongNews
#မိုးဗြဲ
#အင်တာနက်








