မဲခေါင်၊ ဇူလိုင် ၂
မိုင်းလား ဆွေးနွေးပွဲမှာ အစကတည်းက ဆွေးနွေးဖို့မရှိဘဲ စစ်ကောင်စီဘက်က သဘောထား နားထောင်ဖို့သာ သွားခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဒု – ဗိုလ်မှူးကြီး တာအိုက်ကျော် ကပြောပါတယ်။
“အထူးသဖြင့်တော့ ဒီ ကျနော်တို့ သိရသလောက်တော့ အဲဘက်မှာ ဆွေးနွေးမှုလုပ်မယ်။ ဆွေးနွေးမှုလုပ်မယ် ဆိုတော့ ဒီ ကျနော်တို့ အဖွဲ့က လူတွေလည်း သွားကတည်းက ဆွေးနွေးဖို့ အကြောင်းအရာတော့ ဘာမှ မရှိဘူးပေါ့နော်။ ထွေထွေ ထူးထူး မရှိဘူး။ ကျနော်တို့ သွားတဲ့ သူတို့ရဲ့ သဘောထား ပုံစံ အဲလိုမျိုး လာ သွားနားထောင်ပြီးမှ ကျနော်တို့ဘက်က ထွေထွေထူးထူး ဆွေးနွေးမှုတော့ မရှိဘူး” လို့ သူက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဆွေးနွေးမှုအပေါ် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ အနေနဲ့ ပြန်လည် ဆွေးနွေးမှာ မဟုတ်ကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ရဲ့ ပြောရေးခွင့်ရှိသူ ဦးခိုင်သုခက RFA ကို ဖြေကြားထားခဲ့ပါသေးတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အထူးဒေသ (၄) မိုင်းလားမှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ဆွေးနွေးပွဲရလဒ်က အပြုသဘောဆောင်ကြောင်း၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေတွေ၊ ယုံကြည်မှု တည်ဆောက်ရေးကိစ္စတွေ ဆွေးနွေးဖြစ်ကြောင်းနဲ့ မဟာမိတ်ညီနောင် သုံးဖွဲ့က ဖမ်းဆီးထားတဲ့သူတွေ ပြန်လွတ်မြောက်ရေးကိစ္စတို့၊ မတရားအသင်းက ပယ်ဖျက်ပေးရေး ကိစ္စ တောင်းဆိုမှုရှိကြောင်း BBC ကိုဖြေကြားထားပါတယ်။
နောက်ထပ် စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ ရှိ၊ မရှိကိုတော့ နိုင်ငံရေးအခြေအနေ ပေါ်မှာ မူတည်တယ်လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒု – ဗိုလ်မှူးကြီး တာအိုက်ကျော်က ရှင်းပြပါတယ်။
“ဒီဟာကတော့ တွေ့ဖို့ ရှိလား ဆိုတာထက် ဒါကတော့ နိုင်ငံရေးပေါ်မှာ မူတည်တယ်။ ဒါ တွေ့မယ် မတွေ့ဘူး ဆိုတာကတော့ ယတိပြတ် ပြောလို့တော့ မရဘူးနော်။ ဒါတွေ လက်ရှိ နိုင်ငံရေး အခြေအနေမှာ ဘယ်လိုသွားမလဲ ဆိုတာကတော့ အဲပေါ်မှာပဲ မူတည်တယ်။ တွေ့မယ်၊ မတွေ့ဘူး လို့တော့ ယတိပြတ် ပြောလို့မရဘူး။ ဒါ သူတို့က တွေ့မယ်ဆိုရင်တော့ ကျနော်တို့က ဗဟိုကော်မတီ ဆွေးနွေး ဆုံးဖြတ်ချက် ရှိမှ အဲပေါ် ဆွေးနွေး ချက်၊ ဆုံးဖြတ်ချက်ကျမှ တို့က ဆောင်ရွက် ရမယ့် အပိုင်း ဖြစ်တာပေါ့” လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဒု- ဗိုလ်မှူးကြီး တာအိုက်ကျော် က ပြောပါတယ်။
တရုတ်ဘက်က ကြားဝင်ညှိနှိုင်းပေးလို့ အာဏာသိမ်း စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့ မိုင်းလားမှာ တွေ့ဆုံ ဆွေးနွေးရာ ဘာသဘောတူညီချက်မှ မရရှိဘဲ တွေ့ဆုံမှု ဒုတိယနေ့ဖြစ်တဲ့ ဇွန်လ ၂ ရက်မှာတင် ဆွေးနွေးပွဲ ရပ်ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီ (NSPNC)နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/MNDAA) တို့က ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ ကနေ ၃ ရက်နေ့ထိ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ ၄၊ မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြတာပါ။
CJ – 008
#MeKongNews
#TNLA
#မိုင်းလားဆွေးနွေးပွဲ
#စစ်ကောင်စီ








