မဲခေါင်၊ ဇွန် ၂၉
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက် သေဆုံးမှု များနေတယ်လို့ ဖယ်ခုံ PDF နဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်သား အများအပြား ထိခိုက် သေဆုံးရာ အလောင်းတွေ ပြန်မကောက်သွားလို့ PDF တွေ ကောက်နေရတယ်လို့ သူကပြောပါတယ်။
“ဒီရက်ပိုင်း တိုက်ပွဲတွေက ပြန်ဖြစ်နေတာ။ ဖြစ်တာတော့ နေ့တိုင်းပါပဲ၊ ကြီးကြီးမားမားပဲ မဖြစ်တာ။ ဒီရက်ပိုင်း ကတော့ ပြန်ပြင်းထန်လာတယ်။ သူတို့ဘက်ကလည်း တော်တော်ကျတယ်။ အလောင်းတွေတောင် ပြန်မကောက်ဘဲ ပြေးသွားတာ။ ကျွန်တော်တို့ ကောက်မိတာပဲ ၁၀ ကောင် ထက်မနည်းရှိတယ်” လို့ သူကပြောပါတယ်။
လက်ရှိ စစ်ရေး အခြေအနေအရ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှု စာရင်း အတိအကျ မရနိုင်သေးသလို တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာနဲ့ အချိန်ကို လုံခြုံရေး စိတ်ချရမှသာ ထုတ်ပြန်ပေးမယ်လို့ သူကဆိုပါတယ်။
ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ ကရင်နီ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီ တိုက်ခိုက်ရေး တပ်မ (၆၆) လက်အောက်ခံ တပ်ရင်းတွေ၊ ရှမ်းအခြေစိုက် တပ်ရင်းတွေ၊ ပအိုဝ်းပြည်သူ့စစ်-PNO ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားနေတာ ၃ လကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။
လတ်တလော မယ်စဲ့မြို့နယ်မှာ စစ်ကောင်စီတပ်တွေ တပ်ရင်းလိုက် အလင်းဝင်တာ၊ တိုက်ပွဲ အတွင်း စစ်သား ထိခိုက် သေဆုံးမှုတွေ များနေတာကြောင့် ပင်လောင်း နဲ့ ဖယ်ခုံမြို့နယ်ထဲက စစ်ကောင်စီ တပ်ရင်း တချို့ စစ်ကူသွားပေမဲ့ အများစုကတော့ ကျန်နေသေးတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အခုလို တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် လူဦးရေ ၂ သိန်းနီးပါးရှိတဲ့ ပင်လောင်းနဲ့ ဖယ်ခုံဒေသက ပြည်သူ သောင်းနဲ့ချီ စစ်ဘေးရှောင်နေရပြီး နေရပ်မပြန်နိုင် ဖြစ်နေတယ်လို့ စစ်ရှောင် ကူညီနေသူ တစ်ဦးက ပြောပါတယ်။
ပင်လောင်း-ဖယ်ခုံ စစ်ရှောင်ပြည်သူတွေဟာ ပြင်းထန်နေတဲ့ တိုက်ပွဲတွေကြောင့် လုပ်ငန်းတွေ မလုပ်နိုင် တော့လို့ အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့သာ ရပ်တည်နေရပြီး အခြေခံ စားနပ်ရိက္ခာ လုံလောက်မှု မရှိဘူးလို့ သူကပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း စစ်ရှောင်တွေကို အရပ်ဘက် အဖွဲ့အစည်းတွေက ရိက္ခာမပေးနိုင်အောင် လမ်းကြောင်းတွေ ပိတ်ဆို့ထားသလို ကူညီသူတွေကိုလည်း ခွင့်ပြုချက် မရှိဘဲ ရိက္ခာပို့တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးနေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
MK-007
#MeKongNews
#ဖယ်ခုံမြို့နယ်
#ပအိုဝ်းပြည်သူ့စစ်-PNO








