မဲခေါင်၊ ဇွန် ၁၄
ရှမ်းပြည်နယ် တောင်ပိုင်း၊ လဲချားမြို့နယ်မှာ ယာယီ တပ်စွဲထားတဲ့ စခန်း ၁၀ ခုက ပြန်ဆုတ်ပေးဖို့ စစ်ကောင်စီက ဇွန်လ ၉ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ တောင်းဆိုခဲ့ပေမဲ့ SSPP က ပယ်ချခဲ့တာကြောင့် ဒေသတွင်း စစ်ရေး တင်းမာနေတယ်လို့ စုံစမ်းသိရပါတယ်။
လဲချား-ပန်လုံ-မိုင်းနောင် လမ်းမကြီး တောင်ဘက်က SSPP တပ်ဖွဲ့တွေ ယာယီ တပ်စွဲထားတဲ့ တပ်စခန်း ၁၀ ခု ပြန်ရုတ်သိမ်းပေးဖို့ စစ်ကောင်စီက အကြောင်းကြားပေမဲ့ SSPP က ပြန်မဆုတ်တာကြောင့် တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်လို့ SSPP နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
အခုလို စစ်ရေး တင်းမာလာပြီးနောက် စစ်ကောင်စီက လဲချားမြို့နယ်အတွင်း စစ်အင်အား ၃၀၀ ခန့်နဲ့ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပြီး SSPP ကလည်း ခုခံ တိုက်ခိုက်ဖို့ ပြင်ဆင်ထားတယ်လို့ သူကပြောပါတယ်။
“အဲ့နေရာကနေ ပြန်ဆုတ်ခိုင်းနေတာက အခုမှ မဟုတ်ဘူး။ အရင်ကတည်းက SSPP တပ်စခန်း ၃ ခုကို ပြန်ဆုတ်ခိုင်းဖို့ စစ်ကောင်စီ ပြောတာတွေရှိတယ်။ အဲ့တုန်းက ပြန်မဆုတ်ပေမဲ့ ထူးထူးခြားခြား ဘာမှမဖြစ်ဘူး။ အခုကျတော့ စစ်ကောင်စီက တပ်စခန်း ၁၀ ခုထိတိုးပြီး ပြန်ဆုတ်ခိုင်းနေတယ်။ တိုက်ဆိုင်တာက RCSS တပ်စခန်းတွေကို SSPP က သွားတိုက်လိုက်ပြီး နောက်ပိုင်း အခုလိုပြောပြီး စစ်ရေးတွေ တင်းမာလာတာ။ ဒီတစ်ချိန်ကတော့ ဘာဆက်ဖြစ်မလဲတော့ မသိသေးပါဘူး” လို့ ရှမ်းနိုင်ငံရေး၊ စစ်ရေး လေ့လာ သုံးသပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
အခု စစ်ကောင်စီ ပြန်ဆုတ်ခိုင်းတဲ့ နေရာဟာ ခိုလမ် တိုင်းစစ်ဌာနချုပ် လုံခြုံရေး အတွက် အဓိကကျတဲ့ နေရာတွေ ဖြစ်သလို SSPP/SSA ဌာနချုပ် လုံခြုံရေး အတွက်လည်း အဓိကကျတဲ့ နေရာတွေ ဖြစ်တာကြောင့် ၂ ဖက်လုံးအတွက် စစ်ရေးဗျူဟာအရ အလျှော့ပေးဖို့ မရှိဘူးလို့ သူကဆိုပါတယ်။
လက်ရှိ SSPP တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ နေရာတွေဟာ SSPP ဌာနချုပ်ကို စစ်ရေးအရ တိုက်ရိုက် ခြိမ်းခြောက်နိုင်တဲ့ လမ်းကြောင်း ၃ ခုပေါ်မှာရှိပြီး စစ်ကောင်စီက စစ်ရေးအရ စိုးမိုးဖို့ ကြိုးစားလာတဲ့ အရိပ်အယောင်တွေ တွေ့နေရတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တယ်လို့ ရှမ်းနိုင်ငံရေး၊ စစ်ရေး လေ့လာ သုံးသပ်သူက ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး SSPP တပ်ဖွဲ့ တာဝန်ရှိသူတွေဖြစ်တဲ့ ဗိုလ်မှူးကြီးစိုင်းဖုန်းဟန်၊ ဗိုလ်မှူးကြီးစိုင်းဆု နဲ့ ဗိုလ်ကြီးသီဟရာဇာ တို့ကို မဲခေါင်သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ၂၀၁၅ နှစ်ကုန်ပိုင်းက မိုင်းရှူး၊ မိုင်းနောင်မြို့နယ်ထဲက SSPP တပ်စခန်းတွေ ကားလမ်းရဲ့ မြောက်ဘက် ဆုတ်ပေးဖို့ စစ်ကောင်စီက တောင်းဆိုခဲ့ရာ တပ်မဆုတ်တာကြောင့် စစ်ကောင်စီဘက်က အင်အား ထောင်ဂဏန်း သုံးကာ မိုင်းရှူးမြို့နယ် တာဆမ်ပူး၊ ဟိုက်ပါ၊ ဝမ်လွေ၊ မိုင်းအတ်၊ ဝမ်ဆော့ ကနေ မိုင်းနောင်မြို့နယ် မြို့ဟောင်းအထိ ၃ လနီးပါး တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ SSPP နဲ့ နီးစပ်သူက ပြောပါတယ်။
MK-007
#MeKongNews
#လဲချားမြို့နယ်
#SSPP
#စစ်ကောင်စီတပ်








