မဲခေါင်၊ ဇွန် ၁၂
ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး မနေ့က ပွဲကုန်း (၃) ရပ်ကွက်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အထိနာတဲ့ စစ်ကောင်စီတပ်ဟာ လူနေရပ်ကွက်တွေကို ဒီကနေ့ မနက်ပိုင်းက စပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ မိုးဗြဲ PDF တပ်ဖွဲ့ဝင် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
မိုးဗြဲမြို့၊ အနောက်ဘက် ရပ်ကွက်တွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေတာကြောင့် ပြည်သူတွေ ဘေးလွတ်ရာ အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ သူက သတိပေး ပြောဆိုပါတယ်။
“ဒီကနေ့ မနက်ပိုင်း ကတည်းက ဆက်တိုက် ပစ်နေတာ။ မနေ့က ပွဲကုန်း တိုက်ပွဲမှာ ဒီကောင်တွေ တော်တော်အထိနာသွားတယ်။ အဲ့တာကြောင့် ဒီနေ့ မိုးဗြဲ အနောက်ဘက်က လူနေရပ်ကွက်တွေ တမင် ပစ်နေတာ။ ပြည်သူတွေ အမြန်ဆုံး ရွှေ့ပြောင်းသင့်ပါတယ်” လို့ မိုးဗြဲ PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်တာကို ခံနေရတဲ့ မိုးဗြဲ အနောက်ခြမ်း ကျေးရွာက ပြည်သူတွေ အရေးပေါ် နေရာ ရွှေ့ပြောင်းဖို့ NUG လက်အောက်ခံ (၁၀၀၁) တပ်ရင်း၊ မိုးဗြဲ PDF၊ သိမ်းငှက်တပ်ခွဲက မေတ္တာရပ်ခံထားပါတယ်။
လက်ရှိ မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲတွေက ဆက်လက် ပြင်းထန်နေပြီး မနေ့က ဖြစ်ပွားခဲ့တဲ့ ပွဲကုန်းတိုက်ပွဲမှာ စစ်ကောင်စီတပ် ထိခိုက် သေဆုံးမှု များနိုင်ပေမဲ့ တိုက်ပွဲအတွင်း ဖြစ်နေတာကြောင့် အရေအတွက် အတည်ပြုလို့ မရသေးဘူးလို့ ပါဝင်တိုက်ခိုက်နေတဲ့ ရဲဘော် တစ်ဦးက ပြောပါတယ်။
MK-007
#MeKongNews
#မိုးဗြဲ
#လက်နက်ကြီး








