မဲခေါင်၊ အောက်တိုဘာ ၁၄
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ကျင်စန်းကျော့နှင့် ကြူကုတ်ပန်ဆိုင်းကြား ရေပြာအိုင် ရေတံခွန်တွင် ရေနစ်ပျောက်ဆုံးသွားသူ ၂ ဦး၏ အလောင်းကို ပြန်လည်တွေ့ရှိသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
အောက်တိုဘာ ၁၁ ရက်တွင် ရေပြာအိုင် ရေတံခွန်သို့ မူဆယ်မြို့မှ လာရောက်လည်ပတ်သူ ၂ ဦးသည် ရေဆော့ကစားရာမှ ရေနစ်မြုပ်ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ယင်းပျောက်ဆုံးနေသည့်သူများကို ဒေသခံများ ရေငုပ်ကျွမ်းကျင်သူများ ပရဟိတအသင်းများက စုပေါင်းရှာဖွေကြရာ အောက်တိုဘာ ၁၃ ရက်တွင် အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“မနေ့က ပြန်တွေ့ပြီ။ တခြားနေရာ မပါသွားဘူး။ အဲ့ဒီမြုပ်တဲ့နေရာမှာပဲ ပြန်တွေ့တာပေါ့။ အဲ့ဒီနေရာက ချိုင့်ဝှမ်းလိုမျိုး ရေနက်တယ်။ အဲ့ဒီနေရာအောက်ခြေမှာပဲ အလောင်းကို ပြန်တွေ့ကြတယ်” ဟု ဖြစ်စဉ်ကိုသိရှိသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အဆိုပါ ရေနစ်သေဆုံးသူ ၂ ဦးမှာ မူဆယ်မြို့ ဟိုမွန်ရပ်ကွက်နေ မောင်ချမ်းစည်သူ အသက် ၂၀ နှစ် နှင့် မောင်ကျော်ဇင်ထက် အသက် ၁၈ နှစ်တို့ ဖြစ်သည်။ ၎င်းတို့ ၂ ဦးသည် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှ မူဆယ်မြို့တွင် လာရောက်ပြီး အလုပ်လုပ်ကိုင်နေသူများ ဖြစ်သည်ဟုလည်း သိရသည်။
လူငယ် ၂ ဦးသည် အလုပ်ပိတ်ရက်တွင် ရေတံခွန်သို့ လာရောက်လည်ပတ်စဉ် ယခုကဲ့သို့ ရေနစ်သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။ ရေနစ် သေဆုံးသွားသည့် ၎င်းတို့ ၂ ဦး၏ အလောင်းများကိုမူ မြင့်မြတ်ပါရမီအသင်းမှ မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။
#MeKongNews
#ရှမ်းမြောက်
#ရေပြာအိုင်
#ရေနစ်
#လူငယ်








