မဲခေါင်၊ အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့နယ်၊ အိမ်ချစ်ရွာတွင် ယမန်နေ့ အောက်တိုဘာ ၁၀ ရက် ညပိုင်းက ထင်းမီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ပျဉ်ထောင်တစ်ထပ်အိမ်တစ်လုံး လုံးဝမီးလောင်ပျက်စီးခဲ့ပြီး လူတစ်ဦးလည်း တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မီးလောင်မှုသည် အိမ်တွင် ထင်းမီးအသုံးပြုရာမှတစ်ဆင့် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးကူးစက်လောင်ကျွမ်းမှုကြောင့် နေအိမ်တစ်လုံးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“ထင်းမီးကနေ မီးစလောင်တာလို့ သိရတယ်။ ပျဉ်အိမ်ဖြစ်တယ် မီးလောင်တာ မငြိမ်းနိုင်ခဲ့ဘူး အိမ်တစ်လုံးလုံး မီးလောင်သွားပြီး လူတစ်ဦးလည်း တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာရခဲ့တယ်လို့ သိရတယ်။ အိမ်နဲ့ပစ္စည်းတွေ ဆုံးရှုံးရတဲ့အပြင် လူပါ ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် စိတ်မကောင်းဖြစ်ရတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ပြောသည်။
ထင်းမီးအသုံးပြုရာတွင် မီးဖိုကို အနီးကပ်စောင့်ကြည့်ခြင်း၊ မီးငြိမ်းသွားကြောင်း သေချာစစ်ဆေးခြင်းနှင့် မီးလောင်လွယ်သည့်ပစ္စည်းများကို မီးဖိုအနီးတွင် မထားရှိခြင်းတို့ကို ဂရုပြုကြရန် လိုအပ်သည်။
#MeKongNews
#ပင်လုံ
#အိမ်ချစ်ရွာ
#မီးလောင်
#ထင်းမီး








