မဲခေါင်၊ အောက်တိုဘာ ၁၁
ပင်းတယမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရပြီး မြို့ပေါ်ရှိ ရွှေဥမင်ဘုရားအနီး ဈေးပွဲတော်တွင်၌ စစ်ကောင်စီတပ်များက သေနတ်လာရောက်ပစ်ဖောက်ခဲ့ပြီး ပွဲလာသူအချို့ ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း ဒေသခံများက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ညောင်ကောက်ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်သည် အောက်တိုဘာ ၁၀ ရက် ည ၈ နာရီခွဲခန့်တွင် နေအိမ်၌ရှိနေစဉ် အမည်မသိသေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် ည ၁၀ နာရီခန့်တွင် ရွှေဥမင်ဘုရားအနီး ဈေးပွဲတော်၌ သေနတ်သံများကြားခဲ့ရပြီး ပွဲလာသူများ အထိတ်တလန့်ဖြစ်ကာ လူစုလူဝေးဖြင့် ထွက်ပြေးခဲ့ကြရကြောင်း ဒေသခံများက ဆိုသည်။
သေနတ်သံများထွက်ပေါ်ပြီးနောက် ပွဲခင်းမှ ပြန်ထွက်မည့်လမ်းများကို ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ကျေးရွာများမှ ပင်းတယမြို့သို့ လာရောက်သူအချို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရကြောင်း သိရသည်။
“ပွဲလာတဲ့သူတွေက အပန်းဖြေဖို့လာကြတာပါ။ ညပိုင်းမှာ သေနတ်သံတွေကြားလိုက်ရတော့ ဘယ်သူမှ ဆက်မနေရဲကြတော့ဘူး။ အိမ်ပြန်ဖို့လည်း လမ်းမှာစစ်ဆေးတာတွေရှိလို့ စိုးရိမ်ထိတ်လန့်ခဲ့ကြရတယ်။တစ်ချို့က တောလမ်းထွက်ခဲ့ရတယ်” ဟု ပွဲတော်အတွင်း ဖြစ်စဉ်ကြုံတွေ့ခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။
ပင်းတယမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရမှုများ ယခင်ကလည်း ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် ဇွန် ၁၄ ရက်ညက ကူးကော်ကျေးရွာအုပ်စု၊ စံသီးကုန်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးတစ်ဦးလည်း ပစ်ခတ်ခံရကာ သေဆုံးခဲ့သည်။
လက်ရှိဖြစ်စဉ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရမှု၊ ဈေးပွဲတော်အတွင်း သေနတ်သံများထွက်ပေါ်မှုနှင့် ဖမ်းဆီးမှုများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိ၊ မရှိကို အတည်ပြုနိုင်ခြင်း မရှိသေးသလို ဖမ်းဆီးခံရသူ အရေအတွက်နှင့် ၎င်းတို့၏ လက်ရှိအခြေအနေကိုလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
#MeKongNews
#ပင်းတယ
#ကျေးရွာအုပ်ချုပ်ရေးမှူး
#ဘုရားပွဲ
#ပစ်သတ်








