မဲခေါင်၊ စက်တင်ဘာ ၂၂
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ငွေကျပ် သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၇ ရက် ည ၇ နာရီခွဲတွင် သတင်းအရ လားရှိုမြို့ရပ်ကွက် ၁၂၊ နယ်မြေ ၇ နေ စိုင်းရွှေအောင် (ခ) စိုင်းလုံ ၆၄ နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မနန်းအုန်းကြည် (ခ) အေးအောင် ၆၀ နှစ်အား တွေ့ရှိခဲ့သည်။
ထို့နောက် နေအိမ်အတွင်းအားရှာဖွေရာ ဘိန်းဖြူ ၅ ဂရမ် ၊ စိတ်ပြောင်းဆေးဝါး HAPPY WATER ၂ ဒသမ ၉၀၅ ကီလို၊ အိုက်စ် (မက်သ်အဖက်တမင်း) ၉၀၀ ဂရမ်၊ အက်တက်စီဆေးပြား ၅၀၀၊ HAPPY WATER ပြုလုပ်ရာတွင် အသုံးပြုသည့် အဖြူရောင်အမှုန့် ၃၆၀ ဂရမ်တို့ကို ဖမ်းဆီးရမိခဲ့သည်။
ယင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၏ စုစုပေါင်း တန်ဖိုးမှာ ဒေသပေါက်ဈေးအရ ကျပ်သိန်း ၁၆၂၈ဒသမ ၈၅ သိန်း ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ကြောင့် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသည့် စိုင်းရွှေအောင် (ခ) စိုင်းလုံနှင့် မနန်းအုန်းကြည် (ခ) အေးအောင်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်ဟု CCDAC Myanmar က ထုတ်ပြန်သည်။
#MeKongNews
#ရှမ်းမြောက်
#လားရှိုး
#မူးယစ်ဆေး
#ဖမ်းမိ








