မဲခေါင်၊ ဩဂုတ် ၂၃
လာရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲဝင်းမှာ လားရှိုးမြို့နယ်အတွင်းရှိ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို မောက်မာရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံပြီး အမျိုးသမီးရဲမေများကို ဆဲဆိုခြင်းများ ပြုလုပ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
၎င်းမြို့နယ်ရဲတပ်ဖွဲ့မှူးမှာ ညစဉ်ညတိုင်း မူးယစ်သောက်စားလေ့ရှိပြီး ၎င်းမူးလာပါက ၎င်းလက်အောက်ငယ်သားများကို ရစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၅ မှ ၂၀၂၆ သို့ ကူးပြောင်းသည့် နှစ်သစ်ကူးညတွင်လည်း အမျိုးသမီး ရဲအရာရှိတစ်ဦးက သေနတ်ဖြင့် ချိန်ကာ ခြိမ်းခြောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“မူးပြီး သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်တဲ့ကိစ္စ ခြိမ်းခြောက်ခံရတဲ့ အမျိုးသမီးရဲအရာရှိက ပြည်နယ်ကို တိုင်ပေမယ့် ဘာမှ ဖြစ်မလာခဲ့ဘူး။ အဲဒီလို ရဲဆိုးတစ်ယောက်ရှိတာ မြို့နာတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း တရားရုံးအချုပ်တွင် တာဝန်ကျနေသည့် ရဲမေ ၂ဦးကို ၎င်းပြောသည့်အတိုင်း မလုပ်သည့်အတွက်ဟု ဆိုကာ အချုပ်ထဲသို့ ထည့်ထားကြောင်း၊ ယင်းအချိန်တွင် ၎င်းမှာ မူးနေပြီး ရဲမေများက ငိုယိုတောင်းပန်သည့်အခါမှသာ အချုပ်ထဲမှ ပြန်ထုတ်ပေးကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူ ဒေသခံ တစ်ဦးက ပြောသည်။
“ရဲမေတွေ၊တခြားရဲတွေကိုလည်း အရမ်းဆဲတယ်။ တခါတလေ နေ့လယ်ဖက် မူးမူးလာပြီး စခန်းထဲမှာ မကြားဝံ့၊ မနာသာစကားတွေ လာပြောတယ်။ သူ့ရာထူးနဲ့လုပ်ပိုင်ခွင့်ကြောင့် အားလုံးက သည်းခံနေရတာ။ လားရှိုးက ရဲတိုင်း သူ့ဒဏ် ခံရတယ်” ဟု ၎င်းကပြောသည်။
၎င်းမြို့နယ်ရဲမှူးအနေဖြင့် လာဘ်စားသည့် ကိစ္စများလည်းရှိပြီး လက်အောက်ငယ်သားများကို ယင်းကဲ့သို့ ပြုမှုနေသည့်အတွက် ဒေသခံများကရော ရဲတပ်ဖွဲ့ဝင်များကပါ မနှစ်သက်ကြောင်း စုံစမ်းသိရသည်။
#MeKongNews
#လားရှိုးမြို့နယ်
#ရဲတပ်ဖွဲ့
#မြို့နယ်ရဲမှူး
#ရဲဝင်း








