မဲခေါင်၊ ဩဂုတ် ၁၉
မူဆယ်-နမ့်ခမ်းလမ်းပေါ်တွင်ရှိသည့် ကချင်လွတ်လပ်ရေးတပ်-KIA စစ်ဆေးရေးဂိတ်မှ တပ်သားတစ်ဦးက သဲတင်ကားတစ်စီးကို ကားရပ်မပေးဟုဆိုကာ ပစ်ခတ်လိုက်သဖြင့် ဒေသခံကားသမားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့သို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဒေသခံပြည်သူများက ပစ်ခတ်သည့် KIAတပ်သားကို ဖမ်းဆီးကာ KIA စစ်ဆေးရေးဂိတ်ကို ဖျက်ဆီးလိုက်သည်ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။
“မနေ့က ဖြစ်သွားတာ ကားမရပ်ပေးလို့ ပစ်တယ်ဆိုလည်း ကားဘီးတွေကို ပစ်လို့ရတာကို အခုက လူကိုပစ်တော့ သေသွားနိုင်တယ်လေ။ အဲ့ဒါ ဒေသခံတွေပဲ ဆန္ဒသွားပြပြီး ပစ်တဲ့ တပ်သားကို ဖမ်းလိုက်တယ်။ ဂိတ်ကိုလည်း မီးရှို့ဖျက်ဆီးလိုက်တယ်။”ဟု နမ့်ခမ်းဒေသခံတစ်ဦးက ရှမ်းဘာာသာဖြင့် ပြောသည်။
ထို့အပြင် ယခုဖြစ်ပွားသည့် ပစ်ခတ်မှုအတွင်း ကျူးလွန်သည့် KIA တပ်သားကိုလည်း အရေးယူပေးရန် ဒေသခံများက တောင်းဆိုထားသည်ဟု သိရသည်။
ယမန်နေ့ နံနက် ၁၀ နာရီကျော်တွင် သဲကားမောင်းနှင်လာသည့် နမ့်လိုင်ကျေးရွာမှ အသက် ၃၂ အရွယ်ရှိ ဒေသခံတစ်ဦးကို ကားရပ်မပေးဟုဆိုကာ KIA တပ်သားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လိုက်ခြင်းဖြစ်သည်။
ယင်းသို့ အပစ်ခံရခြင်းကြောင့် ကားသမား၏ ပုခုံးနှစ်ဖက်ကို ကျည်ထိမှန်သွားသဖြင့် တရုတ်နိုင်ငံ ရွှေလီမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့-KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
မူဆယ်-နမ့်ခမ်းသည့် မိုင် ၂၀ ခန့်သာ ကွာဝေးသော်လည်း ယင်းလမ်းမပေါ်တွင် စစ်ကောင်စီ၊ MNDAA၊ TNLA၊ KIA အဖွဲ့များ၏ စစ်ဆေးရေးဂိတ်များတည်ရှိပြီး ဂိတ်အားလုံးကို ပြည်သူများက အခွန်ဆောင်ရသည်။
#MeKongNews
#မူဆယ်
#နမ့်ခမ်းလမ်း
#KIA
#ကချင်
#သေနတ်








