မဲခေါင်၊ သြဂုတ် ၁၈
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့မှ ရမခတိုင်းမှူးအမိန့်ဖြင့် လုံခြုံရေးအကြောင်းပြ ပိတ်လိုက်သည့် ကျောင်းပေါင်း ၁၇ ကျောင်းကို ကိုးကန့်တပ် MNDAA က ဆက်လက် ဖွင့်ရန် စီစဥ်နေကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ သြဂုတ် ၁၇ ရက်နေ့တွင် သီပေါ-နမ့်လန် လမ်း (၉)မိုင်လမ်းခွဲကို MNDAA ကိုးကန့် ဗဟိုကော်မတီလူကြီးများရောက်လာကာ ရမခ စစ်တိုင်းမှူးအမိန့်နှင့် အပိတ်ခံလိုက်ရသည့် ဆောင်ကြဲ၊ ပန်ညု စတဲ့ အခြေခံပညာကျောင်း (၁၇) ကျောင်းရှိရာ ကျေးရွာများမှ ရွာလူကြီးများကို ခေါ်ယူတွေ့ဆုံ၍ ယင်းကျောင်းများပြန်ဖွင့်နိုင်ရေး ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ရမခ စစ်တိုင်းမှူးအမိန့်နဲ့ ပိတ်လိုက်တဲ့ကျောင်းတွေကို ကိုးကန့်က လာဖွင့်မှာဖြစ်တယ်၊ ဘယ်သင်ရိုးနဲ့ သင်မလဲ မသိရပေမယ့် ကလေးတွေတော့ ကျောင်းတက်နိုင်မယ်၊ တချို့လည်း သီပေါမြို့ပေါ်ကျောင်းတွေပြောင်းထားကုန်ကြပေမယ့် တံတားက မဖြတ်ရတော့ ဆိုင်ကယ်နဲ့လိုက်ပို့ဖို့မရတော့ စက်လှေနဲ့ကူးရတာ အန္တရာယ်လည်းရှိ၊ ကူးခလည်း နေ့တိုင်းမတတ်နိုင်လို့ကိုးကန့်လာဖွင့်မှပဲ တက်ဖြစ်ကြလိမ့် မယ်ထင်တယ်” ဟု ၎င်းက ပြောသည်။
အစည်းအဝေးတွင် MNDAA က ၎င်းတို့ ထိန်းချုပ်နယ်မြေရှိ မြန်မာအစိုးရ ဖွင့်လက်စကျောင်းတွေနှင့် ပတ်သက်၍၎င်းတို့ ဘာမှစွက်ဖက်မှာမဟုတ်ဟု ပြောကြားခဲ့ကြောင်း
သိရသည်။
ယင်းကျောင်းများ ပိတ်သည့်ကိစ္စနှင့်ပတ်သက် ၍ သီပေါမြို့နယ်လွှတ်တော်ကိုယ်စားလှယ်က အဆိုပါကျောင်းများ ပိတ်ခံရသည့်ကိစ္စကို စစ်ကောင်စီထံ ဆက်လက်မေးမြန်းဆဲဖြစ်ကြောင်းသိရသည်။
#MeKongNews
#ရှမ်းမြောက်
#ရခမခ
#တိုင်းမှူး
#သီပေါ
#စာသင်ကျောင်း
#ကိုးကန့်တပ်








