မဲခေါင်၊ ဇူလိုင် ၂၂
တာချီလိတ် တစ်ဖက်ကမ်း ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် မြန်မာဖက်မှ ယာဥ် ၅၀ စီးခန့်ဖမ်းဆီးခဲ့သလို တာချီလိတ်-မယ်ဆိုင်လူနာသယ်ယူ ပို့ဆောင်ခြင်းအတွက် အရေးပေါ်လူနာတင်ကားများကိုလည်း မြန်မာလိုင်စင်ရှိမှသာ မယ်ဆိုင်ဘက် ဝင်ရောက်ရန် တင်းကျပ်လာကြောင်း တာချီလိတ်အခြေစိုက် ပရဟိတအသင်းများထံမှ သိရသည်။
ဇူလိုင် ၂၀ ရက်က ထိုင်းအာဏာပိုင်များက “Operation Protect Mae Sai” စစ်ဆင်ရေးကို မယ်ဆိုင်ရဲ လဝက နှင့် ချင်းရိုင်းခရိုင်အလုပ်သမားရှာဖွေရေးရုံးတို့ ပူးပေါင်းအဖွဲ့ တို့ပူးပေါင်းစတင်ခဲ့ပြီး မြန်မာမှတ်ပုံတင်ယာဥ် ၅၀ ကို ဖမ်းဆီးကာဘတ် ၅၀၀၀ စီဒဏ်ရိုက်ပြီးနောက်တွင် လူနာတင်ကားကိုပါ ကန့်သတ်လာခြင်းဖြစ်ကြောင်း သိရသည်။
“အသင်းတစ်သင်းကတော့ တံတားထိပ်မှာ လူနာကို လိုင်းကားအနီရောင်ငှါးပြီး တင်ပေး လိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခင်က မယ်ဆိုင်ဘက်ရှိ ဆီပူးလင်းဆေးရုံသို့ တိုက်ရိုက်ပို့၍ရသလို ချင်းရိုင်ပို့ရမည့် လူနာများကို မယ်ဆိုင်ရှိ ပရဟိတအသင်းနှင့် တိုက်ရိုက်ချိတ်ဆက် လူနာလွှဲပြောင်းပို့ဆောင်နိုင်ကြောင်း သိရသည်။
ယခုတွင် လူနာပို့လိုပါက စာရွက်စာတမ်းများလိုအပ်လာရာ လူနာတင်ယာဉ်အတွက် အုံနာဘုတ်၊ ဝှီးတက်၊ အမည်ပေါက်မှတ်ပုံတင်၊ ယာဉ်မောင်းမှတ်ပုံတင်တို့ ပြသရမည်ဖြစ်ပြီး လူနာအတွက်ကို လူနာမှတ်ပုံတင်၊ ဆေးလက်မှတ် (သို့) ဆေးရုံထောက်ခံချက်များ ပါရှိရမည်ဖြစ်ကြောင်း ပရဟိတအသင်းများထံမှ သိရသည်။
“တစ်ပတ်လောက်တော့ရှိပြီ လိုင်စင်ပါတဲ့ ယာဉ်နဲ့မှ မယ်ဆိုင်ဘက် ဝင်ရမယ်ဆိုပြီး ပြောလာတာ။ ပရဟိတအသင်းမှတ်ပုံတင် ရှိရုံနဲ့ မရဘူး။ မြန်မာယာဉ်လိုင်စင်လိုတယ်။ လိုင်စင်မရှိရင်တော့ တံတားပေါ်ကနေပဲ ဟိုဘက်၊ ဒီဘက်ပြောင်းရမယ်” ဟု နောက်ထပ်ပရဟိတ အသင်းတစ်သင်းမှ တာဝန်ရှိသူက ရှင်းပြသည်။
ယင်းသို့မယ်ဆိုင်မြို့တွင် ဖြစ်ပေါ်နေရသည့် အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသားများ မနစ်နာစေရေးအတွက် တာချီလိတ်ခရိုင်တာဝန်ရှိသူများ၏ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဘယ်လို လုပ်ပေးမလဲ သေချာမသိရဘူး။ မြန်မာတွေ ခံရသလို တုန့်ပြန်လုပ်မလား၊ Taxi တွေကို စုဖွဲ့ပြီး ထိုင်းဖက်က လက်ခံလာအောင် လုပ်မလား၊ ထိုင်းဘက်ကို ဘယ်လိုညှိမလဲ မသိရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင်မူ ထိုင်းနိုင်ငံ၊ မယ်ဆိုင်နယ်စပ် အဝင်ဂိတ်၌ မြန်မာနိုင်ငံသား Taxi သမားများကို စစ်ဆေးပြီး အရေးယူ ဒဏ်ငွေဆောင်ခိုင်းမှုများ ရှိနေပြီး လူနာတင်ကားများပါ သွားလာခွင့် ခက်ခဲနေခြင်း ဖြစ်သည်။
#MeKongNews
#မယ်ဆိုင်
#တာချီလိတ်
#မြန်မာ
#ထိုင်း
#ယာဥ်ဖမ်းဆီး








