မဲခေါင်၊ ဇွန် ၉
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ညောင်ဗက်ကျေးရွာတွင် ဒေသခံများကို နေရာရွှေ့ပြောင်းခိုင်းပြီးနောက် အိမ်ဖြိုခ တစ်အိမ်လျှင် ကျပ် ၅ သိန်းနှုန်းဖြင့် စစ်ကောင်စီ လက်အောက်ခံ PNO – ပြည်သူ့စစ်က ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ ကျေးရွာအတွင်းရှိ နေအိမ်များကို သတ်မှတ်ထားသည့် နေရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့ပြီး အများစုမှာ ပြောင်းရွှေ့ခဲ့ကြသော်လည်း နေအိမ်များကို ဖြိုဖျက်ရာတွင် အိမ်ဖြိုခအဖြစ် ကျပ် ၅ သိန်းစီ ပေးဆောင်ရန် တောင်းခံနေကြောင်း သိရသည်။
“အိမ်ပြောင်းပြီးသွားပေမယ့် အိမ်ဖြိုဖို့အတွက် ငွေထပ်ပေးရတယ်။ စီးပွားရေးကျပ်တည်းနေတဲ့ အခြေအနေမှာ အတော်လေး အခက်အခဲ ဖြစ်နေတယ်။ အိမ်ဆောက်ဖို့ ကုန်ကျစရိတ်တောင် မနည်းဘူး၊ အခု အိမ်ဖြိုဖို့အတွက်ပါ ငွေထပ်တောင်းတော့ ဝန်ပိုသွားတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများက ပြောင်းရွှေ့ထားသည့် နေရာများတွင် အခြေခံအဆောက်အအုံများ လုံလောက်မှု မရှိသေးဘဲ နေထိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် အခက်အခဲများ ရှိနေကြောင်းလည်း ဆိုသည်။
“အခုက အိမ်ဟောင်းကို ဖျက်ရမှာရော၊ အိမ်သစ်ကို ပြန်ဆောက်ရမှာရော ကုန်ကျစရိတ်တွေ များနေတယ်။ တချို့မိသားစုတွေဆို ချေးငွေယူပြီး ပြောင်းရွှေ့နေရတာ ဖြစ်လို့ အိမ်ဖြိုခ ထပ်ပေးရတာက ပိုပြီး ဖိအားဖြစ်စေတယ်” ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများ၏ ပြောကြားချက်အရ ရွာပြောင်းရွှေ့မှုနှင့် ပတ်သက်ပြီး ဒေသခံအချို့က သဘောမတူကြသော်လည်း ဖိအားများကြောင့် ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင်လည်း နေအိမ်များ ဖျက်သိမ်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး အိမ်ဖြိုခ ကောက်ခံမှုအပေါ် ဒေသခံများအကြား ဝေဖန်မှုများ ထွက်ပေါ်နေကြောင်း သိရသည်။
ယင်မြေကို ပြီးခဲ့သည့် မတ်လတွင် ဒေသခံနေအိမ်များကို ပြောင်းရွေ့ပေးရန် စစ်ကောင်စီတပ်၊ အုပ်ချုပ်ရေးအရာရှိများ၊ PNO ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် မြေပွဲစားများ ပါဝင်သည့် အဖွဲ့များက အတင်းအဓမ္မ ခိုင်းခဲ့ကြောင်းသိရသည်။
#MeKongNews
#ညောင်ဗက်ဒေသခံများ
#နေရာရွှေ့
#အိမ်ဖြိုခ
#PNO








