မဲခေါင်၊ မေ ၂၀
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းဒေသ၊ ထီဖြွမ်းကျေးရွာ၌ ယမန်နေ့တွင် နေအိမ်တစ်လုံးကို သူခိုးဖောက်ထွင်းခိုးယူခဲ့ပြီး နေအိမ်ကိုပါ မီးရှို့သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ သူခိုးသည် နေအိမ်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ကာ ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်းများ ခိုးယူသွားခဲ့ပြီးနောက် နေအိမ်ကိုပါ မီးရှို့သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကို ကျေးရွာခံများက အချိန်မီ သိရှိခဲ့သဖြင့် ရေဝိုင်းလောင်းကာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးအား ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
“မီးစလောင်တာကို သိတာနဲ့ ရွာသားတွေ ဝိုင်းပြီး ရေလောင်း၊ မီးငြှိမ်းကြတာ။ အချိန်မီ ထိန်းနိုင်လိုက်လို့ တစ်အိမ်လုံး မလောင်သွားဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် အိမ်ရှင်၏ ပြောကြားချက်အရ ၎င်း၏ သားသမီးများ နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်ကာ ပို့ထားသည့် ငွေကျပ် သိန်း ၂၀၀ နီးပါးခန့်လည်း ပါသွားခဲ့ကြောင်း သိရသည်။
“ကလေးတွေ နိုင်ငံခြားမှာ အလုပ်လုပ်ပြီး စုထားတဲ့ငွေတွေ ပါသွားတာလို့ ကြားရတော့ စိတ်မကောင်းဘူး” ဟု ရွာခံတစ်ဦးက ဆိုသည်။
လက်ရှိအချိန်ထိ ကျူးလွန်သူကို မဖမ်းမိသေးကြောင်း သိရပြီး၊ ဒေသခံများကတော့ အိမ်၏ ငွေကြေးအခြေအနေကို သိရှိထားသူတစ်ဦးဦးက ယခုကဲ့သို့ ပြုလုပ်သွားခြင်း ဖြစ်နိုင်ကြောင်း ရွာသားများက ယူဆနေကြသည်။
#MeKongNews
#ဟိုပုံး
#သူခိုး
#ဖောက်ထွင်း
#နေအိမ်
#မီးရှို့








