မဲခေါင်၊ မေ ၁၉
တစ်ပတ်အတွင်း “ဝ”ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၃၆ ဦးကို နယ်စပ်ဂိတ်မှတစ်ဆင့် နေရပ်ပြန်ရန် တရုတ်ဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု “ဝ”တပ်ဖွဲ့ -UWSA ၏ ယမန်နေ့ထုတ်ပြန်ချက်အရ သိရသည်။
ယခု နေရပ်ပြန်သည့် တရားမဝင် တရုတ်နိုင်ငံသားများသည် မိမိသဘောဖြင့် သတ်မှတ်နေရာသို့ စာရင်းလာပေးသဖြင့် “ဝ”တပ်ဖွဲ့က တရုတ်ဘက်သို့ တရားဝင် ပြန်လည် လွှဲပြောင်းပေးသည့် သူများဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
“ဝ”တပ်ဖွဲ့အနေဖြင့် “ဝ”ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများကို တရုတ်ဘက်သို့ ပြန်လည် ပို့ဆောင်လျက်ရှိရာ ယခုနှစ်အတွင်း တရားမဝင် တရုတ် ၆၇၅ ဦးကို ပြန်လည်ပို့ဆောင်ပြီးပြီ ဖြစ်သည်။
၂၀၂၀ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်ကျော်အတွင်းတွင်မူ တရားဝင် အထောက်အထား မရှိဘဲ “ဝ”ဒေသတွင် နေထိုင်နေသော တရုတ်နိုင်ငံသား ၈၈,၁၂၈ ဦးအား “ဝ”တပ်ဖွဲ့မှ တရုတ်ဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်ဟု “ဝ”တပ်ဖွဲ့က ဆိုသည်။
“ဝ”တပ်ဖွဲ့ – UWSA အနေဖြင့် တရားဝင်စာရွက်စာတမ်း မရှိသော တရုတ်နိုင်ငံသားများအတွက် နေရပ်ပြန်ရေး စာရင်းပေးသွင်းနိုင်သည့် လမ်းကြောင်းကို ဆက်လက် ဖွင့်လှစ်ထားပေးလျက်ရှိပြီး တရားမဝင် တရုတ်များ နေရပ်ပြန်ရေး လှုံ့ဆော်မှုများကိုလည်း တိုးမြှင့် ဆောင်ရွက်နေသည်ဟု ဆိုသည်။
နေရပ်ပြန်လိုသည့် တရားမဝင် တရုတ်များအနေဖြင့် သတ်မှတ်ထားသော နေရာသို့ စာရင်းပေးသွင်းပြီးနောက် နောက်တစ်နေ့တွင် “ဝ”တပ်ဖွဲ့ ဝန်ထမ်းများက တရုတ် – မြန်မာ နယ်စပ်ဂိတ်အထိ လုံခြုံစွာ ပို့ဆောင်ပေးကာ တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးမည် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
“ဝ”တပ်ဖွဲ့အနေဖြင့် တရားမဝင် တရုတ်များ နေရပ်ပြန်နိုင်ရေး အလွယ်ကူဆုံး၊ ကုန်ကျစရိတ် အနည်းဆုံးနှင့် အလုံခြုံဆုံး နေရပ်ပြန်လမ်းကြောင်းတစ်ခု ဖန်တီးပေးရန် ကြိုးပမ်းနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဝ”ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်များအနေဖြင့် နေရပ် ပြန်ရောက်ပြီးနောက် “ဝ”ဒေသသို့ ပြန်လည် ဝင်ရောက်လိုပါက တရားဝင် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ကာ ပြန်လည် ဝင်ရောက်ကြရန်လည်း တိုက်တွန်းထားသည်။
#MeKongNews
#တရားမဝင်
#တရုတ်
#UWSA
#လွှဲပြောင်း
ဓာတ်ပုံ – ပုံဟောင်း








