မဲခေါင်၊ မေ ၅
တအာင်းတပ်ဖွဲ့ -TNLA ထိန်းချုပ်ထားသည့် တအာင်းဒေသတွင် ဧပြီလအတွင်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူ ၁၄ ဦးကို ဖမ်းဆီးရမိသည်ဟု ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
၎င်းဖမ်းမိသည့်သူများအနက် ၉ ဦးသည် မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် ဖမ်းဆီးရမိခြင်းဖြစ်ကာ ၅ ဦးသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ဖမ်းဆီးမိခြင်း ဖြစ်သည်။
ယင်းဖမ်းဆီးမှုများသည် တအာင်းဒေသ နမ့်ခမ်း၊ မိုင်းလုံ၊ နမ့်ဆန်နှင့် မိုင်းငေါ့မြို့နယ်တို့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးမှုများအတွင်း သက်သေပစ္စည်းများအဖြစ် စိတ်ကြွဆေးပြား ၁၈၂ ပြား၊ စိတ်ကြွဆေးထုပ် ၄ ထုပ်၊ ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် ၅၂၈ ခွက်၊ ဘိန်းမဲ အဆီခဲ ၁၀၉ ဂရမ်နှင့် အခြားသက်သေပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု TNLA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းဖမ်းမိထားသည့် မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို တအာင်းတပ်ဖွဲ့ – PSLF/TNLA မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကိုလည်း အကျင့်စာရိတ္တ ပြုပြင်ပေးသွားမည်ဟု ဆိုသည်။
#MeKongNews
#တအာင်းဒေသ
#မူးယစ်ဆေးဝါး
#ရောင်းဝယ်သုံးစွဲသူ
#ဖမ်းမိ








