မဲခေါင်၊ မေ ၂
ရှမ်းပြည်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီးတွင် ယမန်နေ့ က တရားမဝင် တရုတ်နိုင်ငံသား ၄၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ယမန်နေ့ မေ ၁ ရက်၊ နံနက်အစောပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီးဖမ်းဆီးမိသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်း တရားမဝင် အွန်လိုင်းလောင်းကစား လုပ်ကိုင်နေရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကလိုက်လံရှာဖွေ ဖမ်းဆီးလျက်ရှိသဖြင့် တရုတ်နိုင်ငံသို့ ပြန်ရန်အတွက် တောလမ်းအတိုင်း ထွက်ပြေးလာစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၉ ရက် ညနေပိုင်းကလည်း မူဆယ်မြို့၊ တော်ရွက်ရပ်ကွက် ဖွေဟုန်းနယ်မြေ နေအိမ်တစ်လုံးတွင် ကျားဖြန့် တရုတ်နိုင်ငံသား ၂ ဦးနှင့် မြန်မာ ၁၂ ဦးတို့ကို ဖုန်းမျိုးစုံ ၂၄ လုံး၊ All in One ကွန်ပျူတာ ၁၉ လုံး၊ TP Link တစ်လုံး၊ ဝိုင်ဖိုင်စက် ၆ လုံးတို့နှင့်အတူ ဖမ်းဆီးမိခဲ့သေးကြောင်း သိရသည်။
ထို့ပြင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ နိုင်ငံတွင်း တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား ၂၆ ဦးကိုလည်း ထပ်မံ ဖမ်းဆီးမိခဲ့သေးကြောင်း စစ်အုပ်စုသတင်းအရ သိရသည်။
ကျားဖြန့် အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ကိုင်သူများကို စစ်အုပ်စုက အရှိန်မြှင့်ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ဧပြီ ၂၇ ရက်ကလည်း ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ကိုင်သူ တရုတ်နှင့် မြန်မာနိုင်ငံသား ၅၂ ဦးကို ဖမ်းဆီးမိခဲ့သေးသည်။
#MeKongNews
#ကွန်ဟိန်း
#တောလမ်း
#ထွက်ပြေး
#ကျားဖြန့်တရုတ်
#ဖမ်းမိ








