မဲခေါင်၊ ဧပြီ ၂၈
စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ပြီးခဲ့သည့် မတ် ၃၀ ရက်တွင် ဖမ်းဆီးသွားသည့် ဟိုပုံးမြို့နယ် ညောင်ဗက်ရွာ ရွာသူကြီးအပါဝင် ဒေသခံ ၄ ဦးမှာ ယနေ့အချိန်ထိ ပြန်မလွတ်လာသေးကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာအား ဖျက်သိမ်းပေးမည်ဟု လက်မှတ်ထိုးမှ ဖမ်းထားသူများကို ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း PNO တပ်ဖွဲ့ဝင် မြေပွဲစားများက ဖိအားပေး ခြိမ်းခြောက်သဖြင့် လက်မှတ်ထိုးပေးခဲ့သော်လည်း ဖမ်းဆီးခံရသည့်ဒေသခံများအနက် ၆ ဦးသာ ပြန်လွတ်လာပြီး ရွာသူကြီးအပါအဝင် ၄ ဦးမှာ ပြန်မလွတ်သေးခြင်းဖြစ်သည်။
“ရွာသူကြီးက မလွတ်လာသေးဘူး၊ အခုထိ ၆ ဦးပဲ ပြန်လွတ်လာသေးတယ်။ PNOတွေ နဲ့ ရဲတွေ နှိပ်စက်တာကိုလည်း ခံနေရတယ်၊ ရွာသားတွေ လက်မှတ်ထိုးပေးလည်း ပြန်မလွတ်လာဘူး။ ရွာသားတွေ ဘာမှ မလုပ်ရဲအောင် လုပ်ပြမယ်ဆိုပြီး PNO မြေပွဲစားတွေက ကြိမ်းဝါးနေတယ်”ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လက်ရှိအချိန်ထိ ဖမ်းဆီးခံရသည့်သူများမှာ ညောင်ဗက်ရွာသူကြီး ဖြားခွန်ထီး၊ ဖြားခွန်ကျော်နှင့် ဖြားခွန်ကျော်၏ တူတော်စပ်သူ ၂ ဦး ဖြစ်သည်။
“သူတို့ ၄ ဦးကို အခုထိ ပြန်မလွတ်လာသေးဘူး၊ ကားတစ်စီးကိုလည်း PNO သိမ်းသွားတာ ပြန်မပေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ် ၃၀ ရက်တွင် PNO တပ်ဖွဲ့ဝင် မြေပွဲစားများဖြစ်သည့် ဦးခွန်အုန်း၊ ခွန်လကျော်၊ ခွန်မောင်ဟန်၊ ခွန်စင်ခံထွက်ပေ၊ ခွန်မောင်နီ၊ ခွန်မောင်မြတို့သည် စစ်ကောင်စီ ရဲတပ်ဖွဲ့များနှင့် PNO ပြည်သူ့စစ်များကို ခေါ်ဆောင်လာကာ ညောင်ဗက် ရွာသူကြီးအပါအဝင် ၁၀ ဦးကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ဖမ်းဆီးပြီးနောက် ရွာအား ဖျက်သိမ်းပေးမည်ဟု လက်မှတ် ထိုးမှသာလျှင် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ဖိအားပေးသဖြင့် ဒေသခံ ၆၀ ကျော်မှာ လက်မှတ်ရေးထိုးပေးခဲ့သော်လည်း ၆ ဦးသာ ပြန်လွတ်လာပြီး ရွာသူကြီးအပါအဝင် ကျန်သည့် ၄ ဦးမှာ ဆက်လက် အဖမ်းခံနေရဆဲ ဖြစ်သည်။
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့ နောင်တောင်းဘုန်းကြီးကျောင်း တောင်ဘက်တွင်ရှိသည့် ညောင်ဗက်ကျေးရွာသည် PNO အဖွဲ့အစည်း မပေါ်ခင်ကတည်းက ရွာတည်ရှိခဲ့ရာ သက်တမ်း နှစ် ၅၀ ကျော်ပြီ ဖြစ်သည်။
သို့သော် ယင်းကျေးရွာသည် စစ်တပ်ပိုင်မြေပေါ် တည်ရှိသည်ဟုဆိုကာ ယခင်ကတည်းက ဒေသခံများကို အကြိမ်ကြိမ် နှင်ထုတ်ဖူးသည်။
“ကျနော်တို့က မြေယာရှိမှ ခြံရှိမှ စိုက်ပျိုးစားလို့ ရမှာလေ။ အခုက ဧက တစ်သောင်းလေးထောင်ကျော်ကို သူတို့ အကုန်ယူပြီး ကျနော်တို့ တစ်ယောက်ကို ပေ၂၀ – ၄၀ရှိတဲ့ တစ်ကွက်ပဲ ပြန်ပေးမယ်ဆိုတော့ ကျနော်တို့ တောင်သူလယ်သမားက ဘာလုပ်စားတော့မှာလဲဗျာ”ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
PNO မြေပွဲစားများက ရွာသားများကို ပြောင်းရွှေ့ခိုင်းသည့် နေရာသည် ဘုရားဖြူကျေးရွာသားများ ပိုင်ဆိုင်သည့် မြေနေရာသာဖြစ်ပြီး ယင်းမြေနေရာကိုပြောင်းရွှေ့လျှင်လည်း မြေတစ်ကွက်ကို ၂၅ သိန်းကျပ်မှ သိန်း ၅၀ ထိ ပေးသွင်းခိုင်းနေခြင်း ဖြစ် သည်။
“အခုဆို သူတို့က ဟိုပုံး – နောင်တောင်းလမ်းမ အရှေ့ဘက်မှာရှိတဲ့ အိမ်တွေကို အကုန်ပြန်ဖျက်ခိုင်းနေတာ၊ အိမ်ခြေ ၂၇၀ ကျော် ၃၀၀ နီးပါးရှိတယ်။ အကုန်လုံး ဒေသခံ ပအိုဝ်းတွေကြီးပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ညောင်ဗက်ကျေးရွာ၏ မြေယာအရေးနှင့် ပတ်သက်ပြီး အကြိမ်ကြိမ် စာတင်ဖူးသော်လည်း စစ်ကောင်စီတပ်က ယင်းမြေနေရာသည် တပ်နှင့် မဆိုင်တော့ကြောင်း ၂၀၁၅ ခုနှစ်ကတည်းကပင် နိုင်ငံတော်မှတဆင့် ဒေသခံများအား ပြန်ပေးရန် PNO ပါတီက ဥက္ကဌနေရာယူပြီး ဦးဆောင်ဖွဲ့စည်းထားသည့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကို လွှဲပြောင်းခဲ့ပြီဖြစ်ကြောင်း အကြိမ်ကြိမ် ပြန်လည် ပြောဆိုခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဟိုပုံး – လွိုင်လင် ကားလမ်းမကြီး မြောက်ဘက်ရှိ မြေဧက ၁၄၀၀၀ ကျော်ကို စစ်တပ်က ၁၉၉၂ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီတွင် နိုင်ငံတော်မှတဆင့် ဒေသခံများအား ပြန်ပေးရန် ပြန်လည် အပ်နှံခဲ့သည်။
နိုင်ငံတော်မှ ဒေသခံများ လက်ဝယ်အရောက် ပြန်ပေးရန် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကို တာဝန်ပေးအပ်ခဲ့ရာ PNO ဥက္ကဌ ခွန်စံလွင် ခေါင်းဆောင်သည့်အဖွဲ့က ဒေသခံများကို မြေပြန်မပေးဘဲ မြို့၊ရပ်ကွက် တိုးချဲ့မည်ဟုဆိုကာ PNO ကို ပြန်ချပေးပြီး မတရား သိမ်းဆည်းခဲ့သည့် မြေဖြစ်ကြောင်း သိရသည်။
#MeKongNews
#PNO
ညောင်ဗက်ရွာသူကြီး
#ဒေသခံပြည်သူ
#ပြန်မလွတ်သေး








